Connect with us

Asia

အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်၌ ရေကြီးရေလျှံမှုကြောင့် လူ ၁၀ ဦးသေဆုံး ၊ ၁.၅ သန်းနီးပါး ရေဘေးသင့်

အိန္ဒိယနိုင်ငံ ဘီဟာပြည်နယ်၌ ရေကြီးမှုဖြစ်ပွားနေသည်ကို ဇူလိုင် ၂၆ ရက်ကတွေ့ရစဉ်(ဆင်ဟွာ)

နယူးဒေလီ ၊ ဇူလိုင် ၂၇ ရက်(ဆင်ဟွာ)

အိန္ဒိယနိုင်ငံ အရှေ့ပိုင်း ဘီဟာပြည်နယ်အတွင်းရှိ ခရိုင် ၁၁ ခုတွင် ရေကြီးရေလျှံမှုဖြစ်ပွားခဲ့ခြင်းကြောင့် အနည်းဆုံး လူ ၁၀ ဦးသေဆုံးပြီး ၁ ဒသမ ၅ သန်းနီးပါး ရေဘေးကြုံတွေ့ခဲ့ရကြောင်း ပြည်နယ်သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုဌာန၏ ဇူလိုင် ၂၆ ရက် ထုတ်ပြန်သော သတင်းကြေညာချက်တစ်ခုတွင် ဖော်ပြထားသည်။

Darbhanga ခရိုင်သည် ရေဘေး အဆိုးဝါးဆုံး ခံစားနေရပြီး ယင်းခရိုင်အတွင်းရှိ လူပေါင်း ၅၃၆,၀၀၀ မှာ ဘေးလွတ်ရာသို့ရွှေ့ပြောင်းခြင်း သို့မဟုတ် ၎င်းတို့၏ နေအိမ်အတွင်း ပိတ်မိခြင်းများ ဖြစ်ပေါ်လျက်ရှိကြောင်း ဌာနက ဆိုသည်။Muzaffarpur ခရိုင်တွင် လူပေါင်း ၂၀၀,၀၀၀ ကျော် ရေဘေးသင့်ခဲ့ပြီး တစ်ချိန်တည်းမှာပင် အရှေ့ Champaran ခရိုင်တွင် လူပေါင်း ၂၇၂,၀၀၀ ရေဘေးကြုံတွေ့လျက်ရှိကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အိန္ဒိယနိုင်ငံ အမျိုးသားသဘာဝဘေးအန္တရာယ်တုံ့ပြန်ရေးအဖွဲ့(NDRF) မှ ၁၇ ဖွဲ့ နှင့် ပြည်နယ်သဘာဝဘေးအန္တရာယ်တုံ့ပြန်ရေးအဖွဲ့ (SDRF) မှ ၈ ဖွဲ့တို့သည် ကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်လျက်ရှိပြီး လက်ရှိအချိန်ထိ လူပေါင်း ၁၃၆,၀၀၀ ကို ကယ်ဆယ်ပေးခဲ့ပြီးဖြစ်ကြောင်းနှင့် လူပေါင်း ၁၄,၀၁၁ ဦးကို ကယ်ဆယ်ရေးစခန်းများသို့ ပို့ဆောင်ပေးခဲ့ကြောင်း ဌာန၏ထုတ်ပြန်ချက် အရသိရသည်။ 

ပြည်နယ်အစိုးရတာဝန်ရှိသူများသည် လူပေါင်း ၁၇၇,၀၀၀ ခန့်အတွက် လိုအပ်သော မီးဖိုချောင်စားသောက်ဖွယ်ရာ ၄၆၃ ထုတ်ကို အိန္ဒိယလေတပ်(IAF) မှ စစ်ရဟတ်ယာဉ်များဖြင့် ရေးဘေးသင့်ဒေသများပေါ်သို့ ပစ်ချပေးခဲ့ကြောင်း ဌာနက ဆိုသည်။အိန္ဒိယနိုင်ငံတွင် ပြီးခဲ့သော ရက်များက မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြစ်ရေကြီးမှုများဖြစ်ပွားခဲ့ပြီး နေရာအများအပြားတွင် ရေကာတာကျိုးပေါက်မှုများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။(Xinhua) 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.