Asia
အိန္ဒိယနိုင်ငံ အနောက်ပိုင်းတွင် ဗာယု ဆိုင်ကလုန်းမုန်တိုင်း ချဉ်းကပ်လာသည့်အတွက် လူ ၃၀၀,၀၀၀ အား ဘေးလွတ်ရာရွှေ့ပြောင်းရဖွယ်ရှိ

နယူးဒေလီ၊ ဇွန် ၁၂ ရက် (ဆင်ဟွာ)
အိန္ဒိယနိုင်ငံတွင် ဗာယု (Vayu) ဆိုင်ကလုန်းမုန်တိုင်း ချဉ်းကပ်လာမှုကြောင့် နိုင်ငံအနောက်ပိုင်း ဂူဂျာရပ်ပြည်နယ်နှင့် Diu နယ်မြေမှ လူ ၃၀၀,၀၀၀ ခန့်အား ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးရဖွယ်ရှိကြောင်း အိန္ဒိယ အစိုးရအဖွဲ့ရှိ တရားဝင် သတင်းရင်းမြစ်များက ဇွန်လ ၁၂ ရက်က ပြောကြားလိုက်သည်။
အဆိုပါ အင်အား အလွန့်အလွန်ပြင်းထန်သော ဆိုင်ကလုန်းမုန်တိုင်းသည် လေတိုက်နှုန်း တစ်နာရီလျှင် ၁၄၀ ကီလိုမီတာမှ ၁၅၀ ကီလိုမီတာရှိပြီး ဇွန်လ ၁၃ ရက်တွင် ကုန်းတွင်းသို့ဝင်ရောက်နိုင်ဖွယ်ရှိကြောင်း သိရသည်။
ပြောင်းရွှေ့ခြင်းလုပ်ငန်းစဉ်အား ဇွန်လ ၁၂ ရက်တွင် စတင်မည်ဟုမျှော်မှန်းရပြီး ပြည်သူများအား ဆိုင်ကလုန်း မုန်တိုင်းရှောင်စခန်း ၇၀၀ ခန့်ထံ ရွှေ့ပြောင်းမည်ဖြစ်ကြောင်း တရားဝင်သတင်းရင်းမြစ်များက ဆိုသည်။
နေရပ်ရွှေ့ပြောင်းရေး၊ ရှာဖွေရေး၊ ကယ်ဆယ်ရေးနှင့် ဘေးအန္တရာယ်လျှော့ပါးရေး လုပ်ငန်းများတွင် ပါဝင်ကူညီရန် အမျိုးသားသဘာဝဘေးအန္တရာယ်တုန့်ပြန်ရေးတပ်ဖွဲ့ (NDRF) ၃၉ ဖွဲ့အား တာဝန်လွှဲအပ်ထားကြောင်း၊ အိန္ဒိယကြည်းတပ်မှ အဖွဲ့ ၃၄ ဖွဲ့ကိုလည်း အသင့်ထားရှိကြောင်း သိရသည်။
ထို့ပြင် အိန္ဒိယ ရေတပ် (IN) တပ်ဖွဲ့ဝင်များကလည်း ဆိုင်ကလုန်းမုန်တိုင်းချဉ်းကပ်လာခြင်းကို အသင့်အနေအထားဖြင့် စောင့်ကြည့်လျက်ရှိသည်ဟုဆိုသည်။
မွမ်ဘိုင်းမြို့ရှိ “အိန္ဒိယရေတပ်ဆေးရုံ Asvini” တွင်လည်း ကျန်းမာရေးအဖွဲ့များနှင့် အဆောက်အအုံများလည်း ကျန်းမာရေးအရေးပေါ်အခြေအနေများအား ကိုင်တွယ်ဖြေရှင်းရန် အသင့်ထားရှိကြောင်း သိရသည်။
ထို့အပြင် လိုအပ်ပါက ရှာဖွေရေးနှင့် ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန် အိန္ဒိယလေတပ်၏ “P8I” နှင့် “IL” လေယာဉ်များကိုလည်း အဆင်သင့်ပြင်ထားကြောင်း သိရသည်။ (Xinhua)