Asia
ဂျပန်နိုင်ငံ ကျိုတိုမြို့ရှိ ကာတွန်းရုပ်ရှင်စတူဒီယိုမီးလောင်မှုတွင် သေဆုံးသူ ၃၃ ဦးအထိ ရှိလာ

တိုကျို၊ ဇူလိုင် ၁၉ ရက် (ဆင်ဟွာ)
ဂျပန်နိုင်ငံ ကျိုတိုမြို့ရှိ ကာတွန်းရုပ်ရှင်စတူဒီယိုတစ်ခုမီးလောင်မှုတွင် သေဆုံးသူအရေအတွက်မှာ ၃၃ ဦးအထိမြင့်တက်လာခဲ့ပြီး အခြားလူ ၃၆ ဦးလည်း ဒဏ်ရာရရှိထားကြောင်း၊ ယင်းအနက်အချို့မှာ မီးလောင်မှု သို့မဟုတ် သွေးထွက်မှုများ ပြင်းထန်စွာခံစားနေရကြောင်း ဒေသခံ ရဲတပ်ဖွဲ့နှင့် ကယ်ဆယ်ရေးသမားများက ပြောခဲ့သည်။
Kyoto Animation ကုမ္ပဏီ သုံးထပ်အဆောက်အဦ မီးလောင်မှုမှာ အမျိုးသားတစ်ဦးက မီးလောင်စေသော အရည်ဖြင့် မီးရှို့ခဲ့ခြင်းကြောင့်ဖြစ်ကြောင်း၊ ယင်းဖြစ်ရပ်သည် ဆယ်စုနှစ်များအတွက် အဆိုးဝါးဆုံး မီးရှို့မှုတစ်ခု ဖြစ်ကြောင်း သိရသည်။
ဂျပန်နိုင်ငံ ကျိုတိုမြို့ရှိ ကာတွန်းရုပ်ရှင်စတူဒီယိုတစ်ခုမီးလောင်မှုဖြစ်ပွားပြီးနောက် ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်နေသည်ကို တွေ့ရစဉ် (ဆင်ဟွာ)
ဇူလိုင်လ ၁၈ ရက်နံနက်ပိုင်း ဒေသစံတော်ချိန် နံနက် ၁၀း၃၀ နာရီခန့်က မီးစတင်လောင်ခဲ့ခြင်းဖြစ်ကြောင်း၊ မီးစတင်လောင်ချိန်က ထိုစတူဒီယိုတွင် လူပေါင်း ၇၀ ခန့် အလုပ်လုပ်နေခဲ့ကြောင်း၊ သုံးထပ်ရှိသော ကျိုတိုကာတွန်းရုပ်ရှင်ကုမ္ပဏီ၏ ပထမထပ်နှင့် ဒုတိယမြောက်အထပ်များမှ ရုပ်အလောင်းများအား တွေ့ရှိခဲ့ကြောင်း သိရသည်။
ယာဉ်မောင်းလိုင်စင်တွင် တွေ့ရှိချက်အရ အသက် ၄၁ နှစ်ရှိသော လက်ရှိဆေးရုံရောက်နေသည့် အမျိုးသားတစ်ဦးက မီးမလောင်မီ အဆောက်အဦဝန်းကျင်သို့ ဓာတ်ဆီဟုယူဆရသော မီးလောင်စေသည့်အရည်ဖျန်းခဲ့ကြောင်း ဒေသခံရဲတပ်ဖွဲ့နှင့် စုံစမ်းစစ်ဆေးသူများ၏ ပြောကြားချက်အရ သိရသည်။
အဆိုပါ ကာတွန်းရုပ်ရှင်ကုမ္ပဏီအား ၁၉၈၁ ခုနှစ်ကတည်ထောင်ခဲ့ပြီး သက္ကရာဇ် ၂၀၀၀ ပြည့်လွန်နှစ်များတွင် ထုတ်လွှင့်ခဲ့သည့် ၎င်း၏ ကာတွန်းရုပ်ရှင်များကြောင့် လူသိများခဲ့သည်။ (Xinhua)