Connect with us

Asia

ဂျာမနီအမျိုးသမီးတစ်ဦးသည် ဗီယက်နမ် ၏ ၄ဦးမြောက် ဇီကာဗိုင်းရပ်စ် ကူးစက်ခံရသူဖြစ်လာ

ဇီကာဗိုင်းရပ်စ်ကူးစက်ခံရသည့် မိခင်မှ မွေးဖွားလာသည့် ကလေးငယ်တစ်ဦးအားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

ဟိုချီမင်း စီးတီး၊ စက်တင်ဘာ ၁၆ ရက် (ဆင်ဟွာ)

ဗီယက်နမ်နိုင်ငံ ကျန်းမာရေးဝန်ကြီးဋ္ဌာန က ဗီယက်နမ်နိုင်ငံ တွေ့ရှိခဲ့သော လေးဦးမြောက် ဇီကာဗိုင်းရပ်စ်ကူးစက်ခံရသူမှာ ဟိုချီမင်းမြို့၌ အလုပ်လုပ်ကိုင်နေသည့် ဂျာမနီနိုင်ငံသားတစ်ဦး ဖြစ်ကြောင်း စက်တင်ဘာ ၁၅ရက်ကပြောကြားခဲ့သည်။

အစောပိုင်းကာလများ၌ အဆိုပါ ဂျာမနီအမျိုးသမီးအား ဂျပန်မီဒီယာများက ဂျပန်နိုင်ငံသို့လာရောက်လည်ပတ်သည့် အသက် ၄၀နှစ်အရွယ်ရှိ ဗီယက်နမ်ခရီးသွားတစ်ဦးအဖြစ် မှားယွင်းဖော်ပြခဲ့သည်။ ၎င်းသည် ဂျပန်နိုင်ငံ၌ ရောဂါအခြေအနေပြန်လည်ကောင်းမွန်လာပြီးနောက် အလုပ်လုပ်ကိုင်ရန် ဟိုချီမင်းမြို့၏ ခရိုင်၂ သို့ပြန်လာခဲ့ကြောင်း ဝန်ကြီးဋ္ဌာန၏ ကြိုတင်ကာကွယ်မှုဆေးပညာဋ္ဌာန ကပြောကြားခဲ့သည်။

ယခုအချိန်ထိ ဗီယက်နမ်နိုင်ငံတွင် ဇီကာဗိုင်းရပ်စ်ကူးစက်ခံထားရသူများမှာ ဂျာမနီနိုင်ငံသားအပြင် ဟိုချီမင်းမြို့ နှင့် အလယ်ပိုင်းပြည်နယ်များဖြစ်သော Khanh Hoa နှင့် Phu Yen ပြည်နယ်များတွင် နေထိုင်(သို့)အလုပ်လုပ်နေသည့် အခြားလူနာသုံးဦးရှိကြောင်း သိရသည်။
ဇီကာဗိုင်းရပ်စ်ပိုးသည် ရောဂါပိုးသယ်ဆောင်လာသည့် Aedes aegypti ခြင်အကိုက်ခံရခြင်းမှတစ်ဆင့် ကူးစက်ခြင်းဖြစ်ပြီး ရောဂါလက္ခဏာများမှာ ဖျားနာခြင်း၊ အရေပြား၌ ယားနာများဖြစ်ခြင်း နှင့် အဆစ်များ နာကျင်ခြင်းတို့ဖြစ်သည်။

အကယ်၍ ကိုယ်ဝန်ဆောင်မိခင်တစ်ဦး ဇီကာဗိုင်းရပ်စ်ပိုး ကူးစက်ခံရပါက မွေးဖွားလာသည့် ကလေးငယ်တွင် ဦးခေါင်းသေးငယ်ခြင်း၊ ဦးနှောက်၏လုပ်ဆောင်ချက်များ ပုံမှန်မဟုတ်ခြင်း နှင့် အခြားမွေးရာပါချို့ယွင်းချက်များ ဖြစ်ပွားစေကြောင်းသိရသည်။ (Xinhua)