Asia
ထိုင်း အိမ်ရှေ့မင်းသား ဝိဇယလောင်ကွန်း ထီးနန်း လက်ခံကြောင်း ထိုင်း ဒုတိယ ဝန်ကြီးချုပ် ပြောကြား
![ထိုင်းနိုင်ငံ ၁၀ ဆက်မြောက် ရာမ မင်းဆက် ဖြစ်လာမည့် ဘုရင် မဟာ ဝိဇယလောင်ကွန်းအား အခမ်းအနား တစ်ခုတွင် တွေ့ရစဉ် (ဆင်ဟွာ)](https://xinhuamyanmar.com/wp-content/uploads/2016/11/images_world_2016_11_30h1.jpg)
ဘန်ကောက်၊ နိုဝင်ဘာ ၃၀ ရက် (ဆင်ဟွာ)
ထိုင်းနိုင်ငံ အိမ်ရှေ့မင်းသား မဟာ ဝိဇယလောင်ကွန်း (Maha Vajirallongkorn) သည် ၁၀ ဆက်မြောက် ရာမဘုရင် (Rama X) အဖြစ် ထီးနန်းလွှဲအပ်မှုအား လက်ခံခဲ့ကြောင်း ဒုတိယ ဝန်ကြီးချုပ် ပရာဝတ် ဝန်စူဝမ်က နိုဝင်ဘာလ ၃၀ ရက်က ပြောကြားလိုက်သည်။
အိမ်ရှေ့မင်းသားက ဘုရင် ဖြစ်လာစေမည့် ဖိတ်ကြားချက်အား လက်ခံရရှိပြီး ဖြစ်ကြောင်း၊ တည်ဆဲဥပဒေ၏ လုပ်ထုံးလုပ်နည်းအရ အားလုံး လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း ပရာဝတ်က သတင်းထောက်များအား နိုဝင်ဘာလ ၃၀ ရက် နံနက်ပိုင်းက ပြောကြားခဲ့ခြင်း ဖြစ်သည်။
ထိုင်းလွှတ်တော် သို့မဟုတ် ဥပဒေပြု လွှတ်တော် (NLA) က အိမ်ရှေ့မင်းသားအား နန်းတက်ရန် နိုဝင်ဘာလ ၂၉ ရက်က ဖိတ်ကြားခဲ့ကြောင်း သိရသည်။
လွှတ်တော်မှ ဖိတ်ကြားချက်အား အိမ်ရှေ့မင်းသားက လက်ခံခဲ့ပြီးနောက် နှစ်ပေါင်း ၂၃၄ နှစ်ရှိပြီ ဖြစ်သော ချာခရီ မင်းဆက်၏ ၁၀ ဆက်မြောက် ရာမ ဘုရင်အဖြစ် ထီးနန်း ဆက်ခံမည် ဖြစ်သည်။ မင်းသားသည့် ၎င်း၏ ခမည်းတော် နန်းသက် နှစ်ပေါင်း ၇၀ ကျော် အုပ်စိုးခဲ့ပြီး သက်တော် ၈၈ နှစ်အရွယ်တွင် နတ်ရွာစံခဲ့သော ဘုရင် ဘူမိဘော အဒူလျာဒတ်၏ အရိုက်အရာကို ဆက်ခံမည် ဖြစ်သည်။ (Xinhua)