Connect with us

Asia

နိုင်ငံတွင်း မပြီးပြတ်သေးသော အမှုအခင်းများအား ဖြေရှင်းရန် တရားသူကြီး ၇ဝ,ဝဝဝ လိုအပ်နေဟု အိန္ဒိယ တရားသူ ကြီးချုပ်ပြော

အိန္ဒိယနိုင်ငံ တရားသူကြီးချုပ် T.S.Thakur အားတွေ့ရစဉ် (ဆင်ဟွာ)

နယူးဒေလီ ၊ မေ ၉ ရက် (ဆင်ဟွာ)

အိန္ဒိယနိုင်ငံတွင် တရားသူကြီး ဦးရေ နည်းပါးနေခြင်းမှာ စိုးရိမ်စရာ ဖြစ်နေကြောင်း နှင့် မပြီးပြတ်သေးသော အမှုအခင်းများအား ဖြေရှင်းရန် တရားသူကြီး ၇ဝ,ဝဝဝ ကျော် လိုအပ် နေကြောင်း အိန္ဒိယ တရားသူကြီးချုပ်က ထုတ်ဖော် ပြောကြားလိုက်သည်။

“ နိုင်ငံအတွင်းက မပြီးပြတ်သေးတဲ့ အမှုအခင်းတွေ ဖြေရှင်းဖို့တရားသူကြီး ၄၄,ဝဝဝ ဦးခန့်ထားရမယ်လို့ ၁၉၈၇ ခုနှစ်မှာ အိန္ဒိယ ဥပဒေကော်မရှင်က အကြံပေးခဲ့တယ်။ အခုနိုင်ငံထဲမှာ တရားသူကြီးက ၁၈,ဝဝဝ ဦးပဲ ရှိနေတယ်” ဟု အိန္ဒိယနိုင်ငံ အရှေ့ပိုင်း Odisha ပြည်နယ်တွင် ပြုလုပ်သည့် ဥပဒေဆိုင်ရာ ဆွေးနွေးပွဲတွင် တရားသူကြီးချုပ် T.S.Thakur က ပြောကြားခဲ့သည်။

“ နှစ်ပေါင်း သုံးဆယ်ကြာအောင် ရှိတဲ့ လူနဲ့ပဲ အလုပ်ကို အားထည့်ပြီး လုပ်ခဲ့ကြရတယ်။ နိုင်ငံတွင်းမှာ တိုးလာတဲ့ လူဦးရေ အချိုးအစား အတိုင်း တရားသူကြီး ဦးရေကိုလည်း လိုက်တိုးရမယ်။ အခုကြုံတွေ့နေရတဲ့ မပြီးပြတ်သေးတဲ့ အမှုအခင်းတွေကို ဖြေရှင်းဖို့ဆိုရင် အနည်းဆုံး တရားသူကြီး ၇ဝ,ဝဝဝ ကျော် လောက် လိုအပ်နေတယ်” ဟု ၎င်းက ဖြည့်စွက် ပြောကြားခဲ့သည်။

ထို့ပြင် တရားသူကြီးချုပ်က “ တရားသူကြီးတွေ လျော့နည်းနေတာဟာ တရားစီရင်ရေး အတွက် ကြီးမားတဲ့ စိန်ခေါ်ချက် တစ်ခုပါပဲ။ ပြည်သူတွေရဲ့အခြေခံ အခွင့်အရေးကို အစိုးရက ငြင်းပယ်ပစ်လို့မရပါဘူး” ဟုဆိုသည်။ ယခင်ကလည်း တရားသူကြီးချုပ်သည် အိန္ဒိယနိုင်ငံတွင် တရားသူကြီး အရေအတွက် ကျဆင်းနေသည့် ကိစ္စအပေါ် ထုတ်ဖော် ပြောဆိုမှုများရှိခဲ့ပြီး နှစ်ပေါက် ကြာမြင့်နေပြီးဖြစ်သော အမှုအခင်းများကို ဖြေရှင်းနိုင်ရန် တရားသူကြီးများ ထပ်မံခန့်အပ်ပေးရန် အစိုးရအား တောင်းဆိုခဲ့ဖူးသည်။

လွန်ခဲ့သောလက အိန္ဒိယနိုင်ငံ နယူးဒေလီမြို့တွင်ပြုလုပ်ခဲ့သည့် အခမ်းအနားတစ်ခုတွင် အိန္ဒိယ ဝန်ကြီးချုပ် နာရန်ဒရာ မိုဒီ က နိုင်ငံတွင်း တရားသူကြီး ဦးရေမှာ နည်းပါးနေကြောင်း နှင့် လက်ရှိ အချိန်ထိ မပြီးပြတ်သေးသော အမှုအခင်းပေါင်း ၃၈ သိန်း (၄ သန်းနီးပါး) ရှိနေကြောင်း ထုတ်ဖော် ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.