Asia
ဖိလစ်ပိုင်နိုင်ငံ သမ္မတ အိမ်တော်တွင် အရာရှိ တစ်ဦး ပစ်သတ်ခံရကြောင်း အိမ်တော် လုံခြုံရေးတပ်ဖွဲ့ အတည်ပြု

မနီလာ၊ စက်တင်ဘာ ၂၆ ရက် (ဆင်ဟွာ)
ဖိလစ်ပိုင်နိုင်ငံ သမ္မတ နန်းတော် ဥယျာဉ်အတွင်း စက်တင်ဘာလ ၂၆ ရက်က သေနတ်ပစ်ခတ်မှု ဖြစ်ပွားခဲ့ရာ အရာရှိ တစ်ဦး သေဆုံးသွားခဲ့ကြောင်း သမ္မတလုံခြုံရေးတပ်ဖွဲ့က အတည်ပြုပြောကြားခဲ့သည်။
ဖိလစ်ပိုင် သမ္မတ နန်းတော် ဥယျာဉ်အတွင်း ဒေသစံတော်ချိန် နံနက် ၈း၅၀ နာရီ ဝန်းကျင်က အသက် ၃၇ ခုနှစ် ကလေး နှစ်ဦး၏ ဖခင် ဗိုလ်မှူး Hari Gonzaga အား အိမ်တော်ဝင်းအတွင်း ရင်ဘတ်နေရာ၌ သေနတ် ဒဏ်ရာဖြင့် သေဆုံးနေသည်ကို တွေ့ရှိခဲ့ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။
သေဆုံးသည့် အကြောင်းအရာနှင့် ပတ်သက်၍ အသေးစိတ် ဖော်ပြထားခြင်း မရှိကြောင်း တရားဝင် စုံစမ်းစစ်ဆေးမှုအတွက် စောင့်ဆိုင်းနေခြင်း ဖြစ်ကြောင်း လုံခြုံရေးတပ်ဖွဲ့က ပြောကြားခဲ့သည်။
စက်တင်ဘာလ ၂၆ ရက် နေ့လယ်ပိုင်းတွင် ပြုလုပ်သော သတင်းစာရှင်းလင်းပွဲ၌ သမ္မတ ပြောရေးဆိုခွင့်ရှိသူ Ernesto Abella က အဆိုပါ မတော်တဆမှုအား စုံစမ်းစစ်ဆေးနေဆဲ ဖြစ်ကြောင်း ပြောကြားခဲ့သည်။ (Xinhua)