Asia
အင်ဒိုနီးရှားအရှေ့ပိုင်းတွင် လေယာဉ်ငယ်တစ်စင်း ပျက်ကျရာ လူ ၅ဦးသေဆုံး
ဂျာကာတာ၊ ဇူလိုင် ၆ ရက် (ဆင်ဟွာ)
အင်ဒိုနီးရှားနိုင်ငံ အရှေ့ပိုင်း Papua ပြည်နယ်တွင် ဇူလိုင် ၅ ရက် က လေယာဉ်ငယ်တစ်စင်း ပျက်ကျခဲ့ရာ လေယာဉ်ပေါ်တွင် လိုက်ပါလာသည့် လူ၅ဦးစလုံးသေဆုံးသွားခဲ့ကြောင်း အမျိုးသား ရှာဖွေကယ်ဆယ်ရေးရုံး ပြောရေးဆိုခွင့်ရှိသူ တစ်ဦးက ဇူလိုင် ၆ ရက်တွင်ပြောကြားခဲ့သည်။
ကယ်ဆယ်ရေးဝန်ထမ်းများက Pilatus Porter PC-6 လေယာဉ် တစ်စစီ ကျိုးပဲ့ပျက်စီးသွားသည်ကို မြင်တွေ့ခဲ့ပြီးနောက် ပြောရေးဆိုခွင့်ရှိသူ Marsudi က ထုတ်ပြန်ချက် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။
၎င်းက လေယာဉ်ပျံသည် ကြီးကြီးမားမား ထိခိုက်ပျက်စီးသွား၍ လေယာဉ်ပေါ်တွင်လိုက်ပါလာသူအားလုံး သေဆုံးနိုင်ခြေများကြောင်း ဆင်ဟွာသို့ ဖုန်းဖြင့် ဆက်သွယ်ပြောကြားခဲ့သည်။
ရှာဖွေကယ်ဆယ်ရေးရုံးမှ ကယ်ဆယ်ရေးဝန်ထမ်းများ နှင့် လုပ်အားပေးများသည် အခင်းဖြစ်ပွားရာ Wamena ခရိုင်သို့ ထွက်ခွာသွားပြီဖြစ်ကြောင်း Marsudi ကပြောကြားခဲ့သည်။
၎င်းက လေယာဉ်ပေါ်တွင် လေယာဉ်မှူးတစ်ဦး၊ တွဲဖက်လေယာဉ်မှူးတစ်ဦး နှင့် ခရီးသည် သုံးဦးလိုက်ပါလာကြောင်း ပြောကြားခဲ့သည်။
Papua ပြည်နယ် အတွင်း နှင့် အနီးအနားတွင် လေယာဉ်ပြေးဆွဲမှုများ ပြုလုပ်ပေးနေသည့် ပုဂ္ဂလိက လုပ်ငန်းတစ်ခုဖြစ်သော Associated Mission Aviation (AMA) က ပိုင်ဆိုင်သည့် အဆိုပါလေယာဉ်သည် Wamena မြို့မှ Derakmaမြို့သို့ ပျံသန်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ (Xinhua)