Connect with us

Asia

အလံတော်ကို စော်ကားမိတဲ့အတွက် အိန္ဒိယ နိုင်ငံခြားရေး ဝန်ကြီးကို အမေဇုံ တောင်းပန်

အိန္ဒိယ နိုင်ငံခြားရေး ဝန်ကြီး ဆက်ရှ်မာဆွာရတ်နှင့် အမေဇုံတွင် ရောင်းချခဲ့သည့် အိန္ဒိယ အလံပုံပါ ခြေသုတ်ဖုံအား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

နယူးဒေလီ၊ ဇန်နဝါရီ ၁၃ ရက် (ဆင်ဟွာ)

ခြေသုတ်ဖုံပေါ်မှာ အိန္ဒိယ နိုင်ငံတော် အလံကို ထည့်သွင်း အသုံးပြုကာ ရောင်းချခဲ့ပြီး အိန္ဒိယနိုင်ငံအား ဂုဏ်သိက္ခာ ကျဆင်းစေသည့်အတွက် အိန္ဒိယ နိုင်ငံခြားရေး ဝန်ကြီး ဆက်ရှ်မာဆွာရတ်ကို အွန်လိုင်း ဈေးကွက်ကြီး တစ်ခု ဖြစ်သော အမေဇုံ (Amazon) တောင်းပန်လိုက်သည်။

“အိန္ဒိယနိုင်ငံရဲ့ ဥပဒေများနှင့် ဓလေ့ထုံးတမ်းများ အမေဇုံ အိန္ဒိယက ကျူးလွန်မိပါတယ်၊ ယင်း ကုန်ပစ္စည်းကို ယူပြီး ရောင်းချကာ အိန္ဒိယနိုင်ငံ ဂုဏ်သိက္ခာကို ကျဆင်းစေတဲ့အတွက် အမေဇုံက နောင်တရမိပါတယ်၊ အိန္ဒိယနိုင်ငံကို စော်ကားလိုစိတ်၊ ရည်ရွယ်ချက်ဖြင့် ပြုလုပ်ရန် မည်သည့်အခါမျှ လုပ်ဆောင်ခဲ့ခြင်း မရှိခဲ့ပါဘူး” ဟု အမေဇုံ အိန္ဒိယ၏ ဒုတိယ ဥက္ကဋ္ဌ အာမစ် အက်ဂါဝဲလ် (Amit Agarwal) က ဇန်နဝါရီလ ၁၂ ရက် ညပိုင်းက နိုင်ငံခြားရေး ဝန်ကြီး ဆွာရတ်ထံသို့ ပေးပို့ခဲ့သည့် စာ၌ ရေးသားထားကြောင်း သိရသည်။

အိန္ဒိယနိုင်ငံ အလံအား စော်ကားခြင်းနှင့် အလံကို မလျော်ကန်သည့် ပုံသဏ္ဍာန် အသုံးပြုထားသည့် ထုတ်ကုန်များ အားလုံးကို ဈေးကွက်မှ ပြန်လည် သိမ်းယူရန်နှင့် တောင်းပန်ရန်၊ သို့မဟုတ်ပါက အမေဇုံ တာဝန်ရှိသူများအား အိန္ဒိယနိုင်ငံ ပြည်ဝင်ခွင့် ဗီဇာ ထုတ်ပေးမည် မဟုတ်ကြောင်း နိုင်ငံခြားရေး ဝန်ကြီး ဆွာရတ်က ကြေညာခဲ့ပြီးနောက် ယခုလို တောင်းပန်ခဲ့ခြင်း ဖြစ်သည်။

ကနေဒါရှိ အမေဇုံ အွန်လိုင်းမှ ဈေးရောင်းသည့် ဝက်ဘ်ဆိုဒ်တွင် အိန္ဒိယ အလံပုံအား ထည့်သွင်း ရေးဆွဲထားသော ခြေသုတ်ဖုံ ရောင်းချသည်ကို ဝန်ကြီး ဆွာရတ်က တွေ့ရှိခဲ့ခြင်း ဖြစ်သည်။ ယင်းသို့ တွေ့ရှိခြင်းနှင့် တစ်ဆက်တည်း အိန္ဒိယ အလံပုံ ပါရှိသည့် ခြေသုတ်ဖုံများအား ဇန်နဝါရီလ ၁၁ ရက် ညပိုင်းတွင် အမေဇုံက ဝက်ဘ်ဆိုဒ်ပေါ်မှ ဖြုတ်ချခဲ့သည်။အိန္ဒိယနိုင်ငံတွင် အမေဇုံ၏ ရင်းနှီးမြှုပ်နှံမှုမှာ အမေရိကန်ဒေါ်လာ ၅ ဘီလီယံကျော် ရှိကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.