Connect with us

Asia

အာဂျင်တီးနား၊ မက်ဒါဂတ်စ်ကာနှင့် တွန်ဂါ နိုင်ငံများကို အဖွဲ့ဝင်အဖြစ် AIIB ခွင့်ပြု

အာရှ အခြေခံ အဆောက်အအုံ ရင်းနှီးမြှုပ်နှံမှုဘဏ် (AIIB) ကျင်းလိချွင်အား တွေ့ရစဉ် (ဆင်ဟွာ)

ဂျယ်ဂျူးကျွန်း၊ တောင်ကိုရီးယား၊ ဇွန် ၁၇ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံက တည်ထောင်ထားသော အာရှ အခြေခံ အဆောက်အအုံ ရင်းနှီးမြှုပ်နှံမှုဘဏ် (AIIB) က ဇွန်လ ၁၆ ရက်တွင် ဒုတိယအကြိမ်မြောက် အုပ်ချုပ်ရေးအဖွဲ့ အစည်းအဝေး၌ အာဂျင်တီးနား၊ မက်ဒါဂတ်စကာနှင့် တွန်ဂါ နိုင်ငံများအား အဖွဲ့ဝင်အဖြစ် ခွင့်ပြုလိုက်ကြောင်း သိရသည်။

တောင်ကိုရီးယားနိုင်ငံ ဂျယ်ဂျူးကျွန်း၌ AIIB အုပ်ချုပ်ရေး အဖွဲ့ ဒုတိယအကြိမ်မြောက် အစည်းအဝေးကို ဇွန်လ ၁၆ ရက်တွင် ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

ပထမအကြိမ် အစည်းအဝေးကို ၂၀၁၆ ခုနှစ်က တရုတ်နိုင်ငံ ပေကျင်းမြို့တွင် ကျင်းပခဲ့သည်။

“အာရှနဲ့ ကမ္ဘာကြီးရဲ့ ကျန်တဲ့ ဒေသများအကြား အခုလို အခြေခံ အဆောက်အအုံ ကောင်းမွန်စွာ ပေါင်းစည်းရေးနှင့် ကွန်ရက် ချိတ်ဆက်ခြင်း တိုးမြှင့်ရေးဖြင့် ကမ္ဘာ့ စီးပွားရေးအတွက် အကျိုးအမြတ်ကောင်းများ ရရှိလာစေမှာ ဖြစ်တယ်” ဟု AIIB ဥက္ကဋ္ဌ ကျင်းလိချွင်က ပြောသည်။

AIIB ၏ ဒုတိယ ဥက္ကဋ္ဌနှင့် ကော်ပိုရိတ် အတွင်းရေးမှူး Sir Danny Alexander ကလည်း “AIIB ကို တရားဝင် ဖွင့်လှစ်ကြောင်း ကြေညာအပြီး ၁၈ လအတွင်း ကမ္ဘာတစ်ဝန်းက အဖွဲ့ဝင်သစ်ပေါင်း ၂၃ နိုင်ငံ ဝင်ရောက်လာခဲ့တယ်” ဟု ပြောကြားခဲ့သည်။

ထို့ပြင် ၎င်းက ဆက်၍ AIIB အပေါ် စိတ်ဝင်စားမှုမှာ မြင့်မားလျက်ရှိပြီး အဖွဲ့ဝင်သစ်များကိုလည်း ယခုနှစ်ကုန်ထိ ဖိတ်ခေါ်ထားသည်ဟု ဆိုသည်။

ယခုနှစ်၏ နှစ်ပတ်လည် အစည်းအဝေးသို့ မူလအဖွဲ့ဝင်များနှင့် အဖွဲ့ဝင်သစ်များ၊ နိုင်ငံတကာ အဖွဲ့အစည်းများ၊ ပညာရှင်များ၊ စီးပွားရေးသမားများနှင့် သတင်းစာဆရာများ အပါအဝင် တက်ရောက်သူပေါင်း ၂၀၀၀ ခန့်ရှိသည်။

တက်ရောက်သူများအနက် AIIB အဖွဲ့ဝင်နိုင်ငံများမှ ဘဏ္ဍာရေးဝန်ကြီး ၂၀ ဦး ကျော်ပါဝင်ခဲ့ကြောင်း တောင်ကိုရီးယား ဘဏ္ဍာရေး ဝန်ကြီးဋ္ဌာန ပြောကြားချက်အရ သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.