Connect with us

Asia

အိန္ဒိယနိုင်ငံတွင် ရေကန်အတွင်းသို့ ကားတစ်စီး ပြုတ်ကျ၊ လူ ၇ ဦးသေဆုံး

အိန္ဒိယနိုင်ငံတွင် ရေကန် တစ်ခုအတွင်းသို့ ကားတစ်စီး ပြုတ်ကျနေသည်ကို တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

နယူးဒေလီ၊ ဇန်နဝါရီ ၂၈ ရက် (ဆင်ဟွာ)

အိန္ဒိယနိုင်ငံ မြောက်ပိုင်း ဥတာပရာဒတ်ရှ်ပြည်နယ်ရှိ ရေကန်တစ်ခုအတွင်းသို့ ယနေ့ (ဇန်နဝါရီလ ၂၈ ရက်) နံနက်ပိုင်းက ကား တစ်စီး ပြုတ်ကျခဲ့ရာ ရဲတပ်ဖွဲ့ဝင် ၂ ဦးအပါအဝင် အနည်းဆုံး လူ ၇ ဦး သေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။

အဆိုပါ ကားမှာ ဥတာပရာဒ်တ်ရှ်ပြည်နယ် မြို့တော် လပ်နောင်း၏ အနောက်မြောက်ဘက် ၄၁၈ ကီလိုမီတာအကွာရှိ အလီဂါခရိုင်အတွင်းက ရေကန်တစ်ခုအတွင်းသို့ ပြုတ်ကျခဲ့ခြင်း ဖြစ်သည်။

“ဒီနေ့မနက်မှာပဲ လူ ၇ ဦးကို တင်လာတဲ့ကားက ရေကန်ထဲပြုတ်ကျသွားခဲ့ပြီး လူ ၇ ဦးလုံး သေဆုံးသွားခဲ့တယ်။ သေတဲ့သူတွေထဲမှာ ရဲလက်ထောက်စုံထောက်တစ်ဦးနဲ့ နယ်မြေခံတပ်ဖွဲ့ဝင်တစ်ဦးလဲပါတယ်” ဟု ရဲအရာရှိ တစ်ဦးက ပြောခဲ့သည်။

အဆိုပါ ရဲတပ်ဖွဲ့ဝင်များမှာ တာဝန်အရ အမှုကိစ္စတစ်ခုအား စုံစမ်းရန် အရပ်သားများနှင့်အတူ လိုက်ပါသွားသူများ ဖြစ်ကြောင်း ရဲအရာရှိများ၏ ပြောကြားချက်အရ သိရသည်။

အခင်းဖြစ်ပွားစဉ်၌ နံနက်ပိုင်း မြူခိုးများ ထူထပ်စွာ ကျဆင်းမှုကြောင့် ယခုလို ဖြစ်ပွားရသည်ဟု တာဝန်ရှိသူများက ဆိုသည်။

“သေဆုံးသူရုပ်အလောင်းတွေကို ရေကန်ထဲက ဆယ်တင်ခဲ့ပြီး ရင်ခွဲစစ်ဆေးဖို့ ပို့ဆောင်လိုက်ပါပြီ” ဟု တာဝန်ရှိသူက ပြောခဲ့သည်။

ယာဉ်မတော်တဆမှု ဖြစ်ပွားရခြင်း အကြောင်းရင်းအား သေချာအောင် စုံစမ်းစစ်ဆေးရန် ရဲတပ်ဖွဲ့ ညွှန်ကြားထားခဲ့သည်။

ဇန်နဝါရီလ ၂၆ ရက် ညကလည်း မဟာရက်ရှ်ထရာပြည်နယ်တွင် မီနီဘတ်စ်ကား တစ်စီး မြစ်အတွင်းသို့ ပြုတ်ကျခဲ့ရာ လူ ၁၃ ဦး သေဆုံးပြီး အခြားသူ သုံးဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

မကြာသေးမီက ထုတ်ပြန်ခဲ့သည့် တရားဝင် အစီရင်ခံစာတစ်ခုအရ အိန္ဒိယနိုင်ငံ၌ ၂၀၁၆ ခုနှစ်အတွင်း နေ့စဉ် ယာဉ်တိုက်မှုများကြောင့် လူ ၄၀၀ ကျော် သေဆုံးမှုရှိခဲ့သည်ဟု သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.