Connect with us

Asia

အိန္ဒိယနိုင်ငံ ကီရာလာပြည်နယ်တွင် မြေပြိုမှုကြောင့် လူ ၁၅ ဦးထက်မနည်းသေဆုံး၊ ၁၂ ဦးကို ကယ်ဆယ်ထား

အိန္ဒိယနိုင်ငံတွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေလွှမ်းမိုးမှုဖြစ်နေသော ပြည်နယ်တစ်ခုဖြစ်သည့် ဘီဟာပြည်နယ် ဒတ်ဟန်ဂါခရိုင်တွင် ရေများဖုံးလွှမ်းနေသည်ကို တွေ့ရစဉ် (ဆင်ဟွာ)

နယူးဒေလီ၊ ဩဂုတ် ၇ ရက် (ဆင်ဟွာ)

အိန္ဒိယနိုင်ငံ တောင်ပိုင်း ကီရာလာပြည်နယ်တွင် ယနေ့ (ဩဂုတ် ၇ ရက်) ကြီးမားသော မြေပြိုမှုဖြစ်ပွားခဲ့ရာ လူ ၁၅ ဦးထက်မနည်းသေဆုံးခဲ့ပြီး ၁၂ ဦးကို ကယ်ဆယ်နိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါ မြေပြိုမှုသည် ကီရာလာပြည်နယ် မြို့တော် သီရူဗာနန်သာပူရမ် မြောက်ဘက် ၂၈၇ ကီလိုမီတာခန့်အကွာရှိ အီဒုကီခရိုင် ရာမာလာနယ်မြေတွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး လက်ဖက်စိုက်ခင်းအလုပ်သမားများစွာ ပိတ်မိနေကြောင်း သိရသည်။

“ခုလက်ရှိမှာ အပျက်အစီးတွေကြားထဲကနေ လူ ၁၅ ဦးရဲ့ရုပ်အလောင်းကို ရှာဖွေတွေ့ရှိခဲ့ပြီး အခြားသူ ၁၂ ဦးကိုလည်း ကယ်ဆယ်နိုင်ခဲ့ပြီး အနီးဆုံး ကျန်းမာရေးဌာနကို ရွှေ့ပြောင်းထားပါတယ်။ ပျောက်ဆုံးနေသူများအား ရှာဖွေရန် ကယ်ဆယ်ရေးလုပ်ငန်းများကို လုပ်ဆောင်လျက်ရှိပါတယ်” ဟု တာဝန်ရှိသူတစ်ဦးက ပြောခဲ့သည်။ 

“အဲဒီနေရာနဲ့ အဆက်အသွယ်ပြတ်တောက်နေပြီး အဲဒီနယ်မြေမှာရှိတဲ့ တံတားကလည်း ရေစီးနဲ့အတူ မျောပါသွားတယ်။ မိုဘိုင်းဖုန်းဆက်သွယ်မှုလည်း မကောင်းဘူး” ဟု အဆိုပါ တာဝန်ရှိသူက ဆိုသည်။ 

အပျက်အစီးများအောက်တွင် ပိတ်မိနေသူများ ရှိနေနိုင်သေးကြောင်း သတင်းများအရ သေဆုံးသူအရေအတွက် တိုးလာနိုင်ဖွယ်ရှိသည်ကို တာဝန်ရှိသူများက စိုးရိမ်နေကြသည်။ 

မြေပြိုမှုဖြစ်ပွားချိန်တွင် ယင်းနေရာ၌ လူပေါင်း ၇၈ ဦးခန့်ရှိပြီး အများစုမှာ လက်ဖက်စိုက်ခင်း အလုပ်သမားများ ဖြစ်ကြောင်း အရာရှိများက ပြောကြားခဲ့သည်။ 

လွန်ခဲ့သည့် သုံးရက်အတွင်း မိုးသည်းထန်စွာရွာသွန်းမှုများကြောင့်  မူသီရာပူဇာမြစ်ရေမြင့်တက်ခဲ့ပြီး ခရီးသွားဧည့်သည်များ လာရောက်ရာဖြစ်သော နာမည်ကျော် Munnar ခရိုင်ကဲ့သို့ မြေနိမ့်သောနယ်မြေများ၌ ရေလွှမ်းမိုးမှုများဖြစ်ပွားခဲ့သည်။ 

အထူးသဖြင့် ဝါယန်နတ်ခရိုင်ရှိ နေရာအတော်များများတွင် ရွာသွန်းခဲ့သည့် မိုးများကြောင့် နယ်မြေများစွာရေလွှမ်းမိုးမှုဖြစ်ခဲ့ပြီး ကီရာလာပြည်နယ်ရှိ ဒေသများစွာ၌ ရေလွှမ်းမိုးမှုအခြေအနေနှင့် ကြုံတွေ့ခဲ့ရသည်။ မိုးလေဝသဌာန တာဝန်ရှိသူများကလည်း ဝါယန်နတ်၊ အီဒုကီ၊ မာလပ်ပူရမ်၊ အာနတ်ကူလမ်၊ ထရစ်စာ၊ ပါလတ်ခတ်၊ ကိုဇီကွတ်၊ ကန်နာနှင့် ကာဆာဂေါ စသည့် တောင်ကုန်းထူထပ်သောခရိုင်များတွင် အနီရောင်နှင့် လိမ္မော်ရောင်အဆင့် သတိပေးချက်များ ထုတ်ပြန်ခဲ့သည်။ 

တာဝန်ရှိသူများက ကယ်ဆယ်ရေးလုပ်ငန်းများ အင်တိုက်အားတိုက်ဆောင်ရွက်ရန် သဘာဝဘေးတုံ့ပြန်ရေးတပ်ဖွဲ့အား ပြောကြားခဲ့ကြောင်း သိရသည်။  (Xinhua) 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.