Asia
အိန္ဒိယနိုင်ငံ အနောက်ပိုင်းတွင် မီးလောင်မှုကြောင့် သေဆုံးသူအရေအတွက် ၁၈ ဦးအထိရှိလာ
နယူးဒေလီ၊ မေ ၂၅ ရက် (ဆင်ဟွာ)
အိန္ဒိယနိုင်ငံ အနောက်ပိုင်း ဂူဂျာရတ်ပြည်နယ်တွင် မီးလောင်မှုကြီးဖြစ်ပွားမှုကြောင့် သေဆုံးသူအရေအတွက် ၁၈ ဦးအထိရှိလာပြီဖြစ်ပြီး ဒဏ်ရာရသူ ၅ ဦးမှာ ဆေးရုံသို့ပို့ဆောင်ထားပြီးဖြစ်ကြောင်း အဆင့်မြင့် မီးသတ်အရာရှိတစ်ဦးက မေလ ၂၄ ရက်တွင် ဆင်ဟွာသို့ တယ်လီဖုန်းမှတစ်ဆင့် ပြောကြားခဲ့သည်။
အဆိုပါ မီးလောင်မှုမှာ မေလ ၂၄ ရက် နေ့လယ်ပိုင်းက ဂူဂျာရတ်ပြည်နယ် စူရတ်မြို့ရှိ လေးထပ်အဆောက်အအုံအတွင်း ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
“Takshila Commercial Complex” အဆောက်အအုံတွင် ပုံမှန်စာသင်ချိန်ပြီးနောက် သင်တန်းများ တက်ရောက်နေသည့် လူငယ်ကျောင်းသား ၅၀ ဦး စာသင်ကြားနေကြသည်။ အဆိုပါ စင်တာမှာ စတုတ္ထထပ်တွင် ရှိသည်။
“ကျွန်တော်တို့ မီးလောင်မှုဖြစ်တဲ့နေရာကနေ အလောင်း ၁၈ လောင်းတွေ့ရှိခဲ့ပြီး အလောင်းတွေကို ခွဲစိတ်စစ်ဆေးရန် ပို့ဆောင်ခဲ့ပါတယ်။ သေဆုံးသူတွေထဲမှာ ကျောင်းသားက ဘယ်နှစ်ယောက်ပါလဲ၊ လူကြီးဘယ်နှစ်ယောက်ပါလဲဆိုတာတော့ အခု ကျွန်တော်မပြောနိုင်သေးပါဘူး။ ဒဏ်ရာရသူ ၅ ဦးကို ဒေသခံဆေးရုံကိုပို့ထားပါတယ်” ဟု ဒေသဆိုင်ရာ မီးသတ်အရာရှိချုပ် ဘတ်ဆန့် ပါရိခ် (Basant Pareek) က ဆင်ဟွာသို့ ပြောကြားခဲ့သည်။
အိန္ဒိယနိုင်ငံ ဝန်ကြီးချုပ် နာရန်ဒြာမိုဒီ (Narendra Modi) ကလည်း ယင်းဖြစ်ရပ်နှင့်ပတ်သက်၍ ဝမ်းနည်းကြောင်း ပြောကြားခဲ့ပြီး ဆုံးရှုံးနစ်နာသူများအား အကူအညီထောက်ပံ့ပေးရန် ပြည်နယ် အစိုးရအား ညွှန်ကြားခဲ့ကြောင်း သိရသည်။
အဆိုပါ ပြည်နယ်သည် ဝန်ကြီးချုပ် မိုဒီ၏ မွေးရပ်မြေလည်းဖြစ်သည်။
မီးလောင်မှုကြောင့် သေဆုံးသူမိသားစုဝင်တစ်ဦးစီတိုင်းအတွက် ရူပီး ၄၀၀,၀၀၀ ငွေကြေး ထောက်ပံ့မှုပေးမည်ဖြစ်ကြောင်း ပြည်နယ်ဝန်ကြီးချုပ် ဗီဂျေ ရူပန်နီက ကြေညာခဲ့သည်။ (Xinhua)