Asia
“အိန္ဒိယဘင်လာဒင်” အား ဒေလီမြို့တွင် ဖမ်းဆီးရမိ
နယူးဒေလီ၊ ဇန်နဝါရီ ၂၃ ရက် (ဆင်ဟွာ)
အိန္ဒိယနိုင်ငံ အနောက်ပိုင်း ဂူဂျာရက်ပြည်နယ်တွင် ၂၀၀၈ခုနှစ်ကဖြစ်ပွားခဲ့သော ဗုံးဖောက်ခွဲမှုများနှင့် ဆက်စပ်၍ အိန္ဒိယနိုင်ငံတွင် အလိုရှိဆုံး ရာဇဝတ်ကောင်များအနက် တစ်ဦးဖြစ်သည့် Abdul Subhan Qureshi alias Tauqeer အား ဖမ်းဆီးနိုင်ခဲ့ကြောင်း ဒေလီရဲတပ်ဖွဲ့က ဇန်နဝါရီ ၂၂ရက်တွင် ထုတ်ဖော်ပြောကြားခဲ့သည်။
ဂူဂျာရက်ပြည်နယ် အမက်ဒါဘက်မြို့ ၌ ၂၀၀၈ခုနှစ် ဇူလိုင်လတွင် ဖြစ်ပွားခဲ့သော ဗုံးဖောက်ခွဲမှုများကြောင့်လူ ၅၆ဦးသေဆုံးခဲ့ပြီး အခြားလူ ၂၀၀ဦး ကျော် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ရဲတပ်ဖွဲ့ သတင်းရင်းမြစ်များက တရားခံ နှင့် အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားပြီးနောက် ဖမ်းဆီးနိုင်ခဲ့ခြင်း ဖြစ်ကြောင်း နှင့် ၎င်းသည် ဗုံးပြုလုပ်ရာတွင် ကျွမ်းကျင်သူတစ်ဦးဖြစ်ကြောင်း ပြောကြားခဲ့သည်။ အဆိုပါ တရားခံသည် ၉နှစ်ကြာပျောက်ဆုံးနေခြင်းဖြစ်ပြီး ရုပ်ပြောင်းရုပ်လွှဲပြုလုပ်ခြင်းဖြင့် ရဲတပ်ဖွဲ့၏ ဖမ်းဆီးမှုမခံရစေရန် ရှောင်တိမ်းလေ့ရှိကြောင်း သိရသည်။
Abdul သည် အိန္ဒိယနိုင်ငံတွင် တားမြစ်ထားသည့် အဖွဲ့အစည်းတစ်ခုဖြစ်သော အိန္ဒိယနိုင်ငံအစ္စလာမ်မစ်ကျောင်းသားများ လှုပ်ရှားမှု (SIMI)-အိန္ဒိယမူဂျာဟီဒင် (IM) အဖွဲ့အစည်း နှင့် ဆက်စပ်မှုရှိကြောင်းသိရသည်။ ထို့ပြင် ၎င်းသည် အရည်အချင်းပြည့်မီသော အင်ဂျင်နီယာတစ်ဦးဖြစ်ပြီး ဘန်ဂါလူရူးမြို့ နှင့် ဟိုက်ဒြာဘက်မြို့ရှိ အိန္ဒိယ၏ ထိပ်တန်း အိုင်တီကုမ္ပဏီများတွင် အလုပ်လုပ်ကိုင်ခဲ့ကြောင်း သိရသည်။
ရဲတပ်ဖွဲ့အရင်းမြစ်များအရ ယင်းအကြမ်းဖက်သမားအား ယခင်နှစ်များကဒေလီ နှင့် ဘန်ဂါလူရူးတွင် ဖြစ်ပွားခဲ့သော အကြမ်းဖက်တိုက်ခိုက်မှုများ၊ ၂၀၀၆ခုနှစ် မွမ်ဘိုင်းပြည်တွင်းရထား ဗုံးဖောက်ခွဲမှုများ နှင့် ဆက်စပ်နေမှုဖြင့် အမျိုးသားထောက်လှမ်းရေးဋ္ဌာန (NIA) ကလည်း အလိုရှိနေကြောင်း သိရသည်။
Abdul သည် ရုပ်ပြောင်းရုပ်လွှဲပြုလုပ်ကာ ရဲတပ်ဖွဲ့၏ ဖမ်းဆီးခြင်းမခံရအောင် မကြာခဏရှောင်ရှားနိုင်ခဲ့သဖြင့် “အိန္ဒိယဘင်လာဒင်” ဟု အမည်ပေးထားကြောင်း သိရသည်။ (Xinhua)