Connect with us

Asia

အိန္ဒိယ-ပါကစ္စတန် နယ်စပ် ကက်ရှ်မီးယား LoC မျဉ်းတွင် ပစ်ခတ်မှုဖြစ်ပွား ၊ အိန္ဒိယစစ်တပ် အရာရှိတစ်ဦး သေဆုံး

အိန္ဒိယ-ပါကစ္စတန်နှစ်နိုင်ငံ နယ်စပ် ကက်ရှ်မီးယားဒေသ အိန္ဒိယနိုင်ငံဘက်အခြမ်း Srinagar မြို့တွင် လုံခြုံရေး စစ်ဆေးနေသော အိန္ဒိယတပ်ဖွဲ့ဝင်များအားတွေ့ရစဉ်(ဆင်ဟွာ)

ဆရီနာဂါ ၊ အောက်တိုဘာ ၆ ရက်(ဆင်ဟွာ)

အိန္ဒိယ နှင့် ပါကစ္စတန် နိုင်ငံအား ပိုင်းခြားထားသည့် နှစ်နိုင်ငံနယ်စပ်မျဉ်း(LoC) တည်ရှိရာ ကက်ရှ်မီးယားဒေသတွင် နှစ်ဖက်တပ်များအကြား အပြန်အလှန်ပစ်ခတ်မှုတစ်ခု ဖြစ်ပွားခဲ့ရာ အိန္ဒိယစစ်တပ်မှ အငယ်တန်းအရာရှိ(JCO) တစ်ဦး သေဆုံးခဲ့ကြောင်း တာဝန်ရှိသူများက ယနေ့ အောက်တိုဘာ ၆ ရက်တွင် ပြောကြားခဲ့သည်။

နှစ်ဖက်တပ်များသည် နယ်စပ်မျဉ်းတည်ရှိရာ ရှေ့တန်းစစ်မျက်နှာ Rajouri ခရိုင်အတွင်းရှိ Baba Khori တွင် အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း ၊ ယင်းနေရာသည် Srinagar မြို့မှ အနောက်တောင်ဘက် ၂၂၇ ကီလိုမီတာအကွာတွင် တည်ရှိကြောင်း နှင့် အိန္ဒိယနိုင်ငံဘက်ကထိန်းချုပ်ထားသော ကက်ရှ်မီးယားဒေသ၏ နွေရာသီမြို့တော်ကြီးဖြစ်ကြောင်း သိရသည်။

“ မနေ့ညနေပိုင်းက ပါကစ္စတန်စစ်တပ်ဟာ အပစ်ခတ်ရပ်စဲရေးသဘောတူညီချက်ကိုချိုးဖောက်ပြီး လက်နက်ငယ်တွေနဲ့ Rajouri ခရိုင်းအတွင်းက LoC နှစ်နိုင်ငံ နယ်စပ် မျဉ်းတစ်လျှောက် Baba Khori မှာ ပစ်ခတ်မှုပြုလုပ်ခဲ့တယ်။ ” ဟု အိန္ဒိယ စစ်တပ်အရာရှိတစ်ဦးက ဆိုသည်။ “ ဒဏ်ရာရတဲ့ စစ်သားကို ဆေးရုံကို ချက်ချင်းပို့ဆောင်ပေးခဲ့ပေမယ့် ဟိုရောက်တော့ ဆုံးသွားတယ်” ဟု ၎င်းကဖြည့်စွက်ပြောကြားခဲ့သည်။

Subedar Sukhdev Singh ဟု အမည်ရသည့် အိန္ဒိယစစ်တပ် ပြောရေးဆိုခွင့်ရှိသူ အရာရှိက ၎င်းတို့တပ်ဖွဲ့ဝင်များအနေဖြင့် ပါကစ္စတန်ဘက်သို့ သင့်လျော်သော တုံ့ပြန်မှုတစ်ခု ပြန်လည် ပြုလုပ်ခဲ့ကြောင်း ပြောကြားခဲ့သည်။

အဆိုပါ နှစ်ဖက် တပ်ဖွဲ့ငယ်များအကြား အပြန်အလှန်ပစ်ခတ်မှုတွင် ပါကစ္စတန်ဘက်က အသက်သေဆုံးမှု သို့မဟုတ် ထိခိုက်ပျက်စီးမှု ရှိသည်ဆိုသည့် သတင်းပေးပို့ချက် မရှိဟု ၎င်း က ဆက်လက်ပြောကြားခဲ့သည်။ပြီးခဲ့သော ရက်သတ္တပတ်က နှစ်နိုင်ငံနယ်စပ်မျဉ်းတည်ရှိရာ Kupwara နှင့် Poonch တွင် အိန္ဒိယ နှင့် ပါကစ္စတန် နှစ်ဖက်တပ်ဖွဲ့ငယ်များအကြား အပြန်အလှန်ပစ်ခတ်မှုအတွင်း အိန္ဒိယနိုင်ငံဘက်က စစ်သား သုံးဦး သေဆုံးပြီး အခြား ငါးဦးထိခိုက်ဒဏ်ရာရခဲ့ကြောင်း သိရသည်။

ယခုနှစ်ဆန်းပိုင်းမှစတင်ကာ နှစ်ဖက်တပ်ဖွဲ့ဝင်များသည် အပစ်အခတ်ရပ်စဲရေးသဘောတူညီချက်ကို ချိုးဖောက်၍ အပြန်အလှန်ပစ်ခတ်မှုပေါင်း ၃,၀၀၀ ကျော် ပြုလုပ်ခဲ့ကြောင်း သတင်းများကဆိုသည်။
LoC မျဉ်းသည် အိန္ဒိယ နှင့် ပါကစ္စတန် နှစ်နိုင်ငံအား ကက်ရှ်မီးယားဒေသတွင် ပိုင်းခြားထားသည့် အထိအခိုက်မခံသော နယ်နိမိတ်အပိုင်းအခြားမျဉ်းတစ်ခုဖြစ်သည်။ အဆိုပါ နှစ်နိုင်ငံသည် တစ်ဖက်နှင့်တစ်ဖက် လုံးဝသဘောထားကွဲပြားနေသလို အိန္ဒိယနိုင်ငံ၌ ဝန်ကြီးချုပ်မိုဒီ ပထမအကြိမ်ရွေးကောက်တင်မြှောက်ခံရသည့် ၂၀၁၄ ခုနှစ်မှစတင်ကာ နှစ်ဖက်ဆက်ဆံရေးသည် တိုးတက်ကောင်းမွန်လာခဲ့ခြင်းမရှိကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.