Connect with us

Asia

ဂျပန်-တောင်ကိုရီးယား နှစ်နိုင်ငံ ကုန်သွယ်စီးပွားရေးလမ်းကြောင်းများ ပြန်လည်စတင်

ဂျပန်နိုင်ငံတိုကျိုမြို့၏ မြင်ကွင်းတစ်နေရာအားအောက်တိုဘာ ၄ ရက်ကတွေ့ရစဉ်(ဆင်ဟွာ)

ပေကျင်း၊ အောက်တိုဘာ ၇ ရက် (ဆင်ဟွာ)

အောက်တိုဘာ ၈ ရက်မှစ၍ ကုန်သွယ်စီးပွားဆိုင်ရာ ဝင်ထွက်သွားလာမှုများကိုပြန်လည်ဆောင်ရွက်ရန် ဂျပန်-တောင်ကိုရီးယား နှစ်နိုင်ငံအကြား သဘောတူညီထားကြောင်း ဂျပန်နိုင်ငံနိုင်ငံခြားရေးဝန်ကြီးဌာန ကအောက်တိုဘာ ၆ ရက်တွင် ကြေညာခဲ့သည်။

နှစ်နိုင်ငံသဘောတူညီချက်အရ ရေတိုစီးပွားရေးခရီးစဉ်အတွက် မိမိ၏သွားလာလှုပ်ရှားမှုအစီအစဉ်နှင့် ၇၂ နာရီအတွင်း ကိုဗစ်ကင်းစင်ကြောင်းစစ်ဆေးထားသည့် nucleic acidဆေးစစ်ချက်ကိုပြရမည် ဖြစ်ပြီး နိုင်ငံအတွင်းသို့ ဝင်ရောက်သည့်အခါ သီးခြားခွဲထားစောင့်ကြည့်ရန် မလိုအပ်သော်လည်း ထပ်မံဆေးစစ်ရမည်ဖြစ်ကြောင်း၊ မိုဘိုင်းဖုန်းတွင် APP သွင်း၍ ကျန်းမာရေးနှင့် လှုပ်ရှားမှုအခြေအနေကို စောင့်ကြည့်မည်ဖြစ်ကြောင်းသိရသည်။

နိုင်ငံအတွင်းသို့ ဝင်ရောက်ပြီးနောက် အချိန်အတိုင်းအတာတစ်ခုအတွင်းအများသုံးဘတ်စ်ကားစီးနှင်းခွင့် မပြုကြောင်းသိရသည်။ရေရှည်နေထိုင်မည့်သူများအနေဖြင့် မိမိသွားလာလှုပ်ရှားမည့်အစီအစဉ်ကိုတင်ပြရန်မလိုအပ်သော်လည် ကိုရိုနာဗိုင်းရပ်စ်စစ်ဆေးရန် လိုအပ်ကြောင်းနှင့် နိုင်ငံအတွင်းသို့ ဝင်ရောက်ပြီးနောက် ၁၄ ရက် သီးခြားခွဲနေရန် လိုအပ်ကြောင်းသိရသည်။

ဂျပန်နိုင်ငံနိုင်ငံခြားရေးဝန်ကြီးToshimitsuMotegiက လက်ရှိဂျပန်-တောင် ကိုရီးယားဆက်ဆံရေးအခြေအနေ အလွန်ဆိုးဝါးလျက်ရှိရာ နှစ်နိုင်ငံအကြားကိုဗစ်ကြောင့် ရပ်နားထားသည့် ဝင်ထွက်သွားလာမှုများ၊ အထူးသဖြင့် ကုန်သွယ်စီးပွားဆိုင်ရာ ဝင်ထွက်သွားလာမှုကိုပြန်လည်စတင်ခြင်းသည် အလွန်အရေးကြီးကြောင်းဆိုသည်။ တောင်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီးဌာနက တောင်ကိုရီးယား-ဂျပန် နှစ်နိုင်ငံလူဝင်ထွက်သွားလာမှုကို ပြန်လည်စတင်ရန် မျှော်လင့်လျက်ရှိကြောင်းနှင့် ပြည်ဝင်ခွင့်ကိုဆက်လက် တိုးချဲ့သွားရန် ကြိုးပမ်းသွားမည်ဖြစ်ကြောင်းဆိုသည်။

ဂျပန်နိုင်ငံသည် ယခုနှစ် မတ်လမှစ၍ တောင်ကိုရီးယားခရီးသွားများ ပြည်ဝင်ခွင့်တင်းကြပ်မှုကို တိုးမြှင့်ခဲ့ပြီးနောက် မကြာမီတောင်ကိုရီးယားနိုင်ငံကလည်း နည်းတူပြန်လည်ဆောင်ရွက်ခဲ့သည်။Yonhapသတင်းဌာန၏ သတင်းများအရယခုသဘောတူညီချက်သည် နှစ်နိုင်ငံအကြား ၇ လကြာပြီးနောက် နှစ်ဖက်ကုန်သွယ်ရေးနှင့် ဝင်ထွက်သွားလာမှုများပြန်လည် ဆောင်ရွက်ခြင်းဖြစ်ကြောင်းသိရသည်။

ဂျပန်အမျိုးသား ခရီးသွားဝန်ကြီးဌာန၏ ကိန်းဂဏန်းများအရတောင်ကိုရီးယားမှ ဂျပန်သို့သွားရောက်သော ခရီးသွားအရေအတွက်သည် ၂၀၁၉ ခုနှစ်တွင် ၅ ဒသမ ၅၈ သန်းခန့် ရှိရာ၎င်းတို့အနက် ၃ သိန်း ၁ သောင်းခန့်သည် ကုန်သွယ်စီးပွားရေးဆိုင်ရာ သွားလာမှုဖြစ်ကြောင်းသိရသည်။ (Xinhua)