Asia
ထရမ့်-ကင် ထိပ်သီးအစည်းအဝေး ကျင်းပမည့် Shangri-La ဟိုတယ်အနီးဝန်းကျင်ကို “အထူးဧရိယာ” အဖြစ် သတ်မှတ်

စင်ကာပူ၊ ဇွန် ၅ ရက် (ဆင်ဟွာ)
အမေရိကန်နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့်နှင့် မြောက်ကိုရီးယားနိုင်ငံ ခေါင်းဆောင် ကင်ဂျုံအန်တို့အကြား ပြုလုပ်မည့် ထိပ်သီးအစည်းအဝေးအတွက် စင်ကာပူနိုင်ငံ Shangri-La ဟိုတယ် အနီးဝန်းကျင်ကို ဇွန်လ ၁၀ ရက်မှ ၁၄ ရက်အတွင်း “အထူးဧရိယာ” အဖြစ် အာဏာပိုင်များက သတ်မှတ်ထားကြောင်း သိရသည်။
အဆိုပါ ဟိုတယ်သည် Asian Security Summit ဟု လူသိများသော Shangri-La ဆွေးနွေးပွဲ နှစ်စဉ် ပြုလုပ်သည့်နေရာလည်း ဖြစ်သည်။ အဆိုပါ ဆွေးနွေးပွဲသည် ဇွန်လ ၃ ရက်တွင် ကျင်းပပြီးစီးခဲ့သည်။
ဒေသတွင်း မီဒီယာ၏ အဆိုအရ Dunearn Road, Paterson Road နှင့် Cluny Road စသည့်လမ်းများကို ထိပ်သီးအစည်းအဝေးအတွက် “အထူးဧရိယာ” အဖြစ် စင်ကာပူ အစိုးရက ဇွန်လ ၃ ရက်တွင် ကြေညာထားကြောင်း သိရသည်။
ထိပ်သီးအစည်းအဝေးတွင် နှစ်နိုင်ငံ ကိုယ်စားလှယ်များအကြား အစည်းအဝေးများ ပါဝင်နိုင်ပြီး “ထိပ်သီးအစည်းအဝေးနှင့် ဆက်စပ်သော ဦးဆောင်လှုပ်ရှားမှုများနှင့် လူမှုရေးဖြစ်ရပ်များ” ပါဝင်ကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။
ထို့ပြင် အလားတူဧရိယာအတွင်း “အထူးဇုန်” အဖြစ် ကြေညာထားပြီး ဇွန်လ ၁၀ ရက်မှ ၁၄ ရက်အတွင်း ယင်းနေရာအနီး ဖြတ်သန်းသွားလာမည့် လူများနှင့် ယာဉ်များအား ရဲတပ်ဖွဲ့က စစ်ဆေးသွားမည် ဖြစ်ကြောင်း သိရသည်။ (Xinhua)