Asia
ကမ္ဘာ့အသက်အကြီးဆုံး Youtube အသုံးပြုသူ အသက် ၁၀၇ နှစ်အရွယ်တွင်သေဆုံး

နယူးဒေလီ၊ ဒီဇင်ဘာ ၆ ရက် (ဆင်ဟွာ)
ကမ္ဘာ့အသက်အကြီးဆုံး Youtube အသုံးပြုသူတစ်ဦးဖြစ်သူ အသက် ၁၀၇ နှစ်အရွယ် အိန္ဒိယနိုင်ငံသား စားဖိုမှူး အဘွား သေဆုံးခဲ့ကြောင်း သိရသည်။
အိန္ဒိယနိုင်ငံတောင်ပိုင်း အန်ဒရာပရာဒတ်ရှ်ပြည်နယ်မှ သွားမရှိသောအဘွားအိုတစ်ဦး Karre Mastanamma သည် လွန်ခဲ့သော နှစ်နှစ်ကျော်က ဟင်းချက်ပြုတ်သည့် ဗီဒီယိုကိုတင်ခဲ့ပြီး နာမည်ကျော်လာခဲ့သူ ဖြစ်သည်။ ၎င်း၏မြေးနှင့် သူငယ်ချင်းဖြစ်သူတို့ တာဝန်ယူလုပ်ဆောင်သော ၎င်း၏ Youtube ချန်နယ် Country Foods မှာ စတင်ထုတ်လွှင့်ခဲ့သည့် ၂၀၁၆ ခုနှစ်ကစ၍ ကြည့်ရှုသူ ၁.၂ သန်းကျော်ကို ဆွဲဆောင်ထားနိုင်ခဲ့သည်။
ဝေးလံသော ကျေးရွာတစ်ခုရှိ လယ်ကွင်းပြင်၌ မကြာခဏထိုင်လေ့ရှိသော Mastanamma သည် Youtube တွင် ကြည့်ရှုသူ ၁၁ သန်းခန့် ရရှိခဲ့သော ၎င်း၏ အထင်ကရ ဖရဲသီး ကြက်သားချက်ကဲ့သို့ အိန္ဒိယပုံစံ ချက်ပြုတ်နည်းအတွက် လူသိများလာခဲ့ခြင်း ဖြစ်သည်။
ယင်းဗီဒီယိုများ၌ ၎င်းသည် လက်သည်းများ အသုံးပြုပြီး ဟင်းသီးဟင်းရွက်များနွှင်ခြင်း၊ အိန္ဒိယရိုးရာ ငှက်ပျောဖက်ဖြင့် အစားအစာများ ခင်းကျင်းခြင်းများ ပြုလုပ်လေ့ရှိသည်။
၎င်းသည် လွန်ခဲ့သော ၆ လက နေမကောင်းဖြစ်ခဲ့ကာ Youtube ချန်နယ်တွင် ဗီဒီယိုတင်ခြင်းကို ခေတ္တရပ်နားခဲ့သည်။ ဒီဇင်ဘာလ ၃ ရက်တွင် Mastanamma သေဆုံးကြောင်း ၎င်း၏ Youtube ချန်နယ်တွင် ကြေညာခဲ့သည်။
Mastanamma သေဆုံးကြောင်း ကြေညာချက်နှင့်အတူ Mastanamma ၏ နောက်ဆုံးခရီး ဗီဒီယိုကို Country Foods ချန်နယ်တွင် တင်ခဲ့ပြီး ပရိသတ်များက ဝမ်းနည်းကြောင်းသတင်းစကားများကို လူမှုမီဒီယာပေါ်တွင် ရေးသားခဲ့ကြောင်း သိရသည်။ (Xinhua)