Australia / Oceania
ကျူးဘားနှင့် အီရန် နက်ရှိုင်းစွာ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်မည်
ဟာဗားနား၊ စက်တင်ဘာ ၂၀ ရက် (ဆင်ဟွာ)
ကျူးဘားနိုင်ငံသို့ အလည်အပတ်ရောက်ရှိနေသည့် အီရန် သမ္မတ ဟတ်ဆန် ရောဟာနီနှင့် ကျူးဘား သမ္မတ ရော ကက်စထရိုသည် စက်တင်ဘာလ ၁၉ ရက်က တွေ့ဆုံခဲ့ကာ နှစ်နိုင်ငံအကြား စီးပွားရေး နက်ရှိုင်းစွာ ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီချက်နှင့်အတူ အရေးပါသည့် နိုင်ငံတကာ ရေးရာများတွင် ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးခဲ့ကြောင်း အစိုးရ ကြေညာချက်၌ ပြောကြားထားသည်။
နှစ်နိုင်ငံ သမ္မတများ တွေ့ဆုံစဉ် ကောင်းမွန်သော ဆက်ဆံရေး၊ ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်ရေးနှင့် ဖလှယ်ရေး ဆိုင်ရာ ကိစ္စရပ်များအား ဆွေးနွေးခဲ့ကြသည်။
ထို့ပြင် နှစ်နိုင်ငံ အစိုးရများအကြား ကျန်းမာရေး၊ သုတေသန၊ ပညာရေး၊ ဆေးဝါးနှင့် ဆေးပညာဆိုင်ရာ နည်းပညာ စသည့် နယ်ပယ်များ၌ ပူးပေါင်းဆောင်ရွက်ရေး သဘောတူညီမှု တစ်ရပ်အား နှစ်နိုင်ငံ သမ္မတများ၏ ရှေ့မှောက်၌ လက်မှတ်ရေးထိုးခဲ့ကြသည်။
အစောပိုင်းတွင် ရောဟာနီသည် ကျူးဘား သမ္မတဟောင်း ဖီဒယ် ကက်စထရိုနှင့် တွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံ ပူးပေါင်းဆောင်ရွက်မှုနှင့် စိန်ခေါ်မှုများအား ဆွေးနွေးခဲ့သည်။
ပြီးခဲ့သည့်လက စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရန် ပူးတွဲ စီးပွားရေး ကော်မတီ တစ်ရပ် ဖွဲ့စည်းခြင်း နှင့် ကျူးဘား ဆရာဝန်များနှင့် အခြား အကြံပေးများအား ဖလှယ်ခြင်းများအတွက် နှစ်နိုင်ငံ သဘောတူခဲ့ကြသည်။
အီရန် သမ္မတ ဟတ်ဆန် ရောဟာနီသည် တီဟီရန်နှင့် ဟာဗားနားတို့အကြား စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်သည့် ခရီးစဉ်အဖြစ် စက်တင်ဘာလ ၁၉ ရက် အစောပိုင်းက ကျူးဘားနိုင်ငံ မြို့တော် ဟာဗားနားသို့ ရောက်ရှိလာခဲ့ခြင်း ဖြစ်သည်။ (Xinhua)