Connect with us

Eastern Europe

တရုတ်နိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်မှု တိုးမြင့်ရန် ရုရှား စိတ်ဝင်စား

တရုတ် ဒုတိယ ဝန်ကြီးချုပ် Wang Yang နှင့် ရုရှား ဝန်ကြီးချုပ် Dmitry Medvedev တို့ ရုရှား နိုင်ငံ ရီကတာရင်ဘာမြို့တွင် ဇူလိုင်လ ၈ ရက်နေ့က တွေ့ဆုံဆွေးနွေးနေစဉ် (ဆင်ဟွာ)

ရီကတာရင်ဘာ့/ ရုရှား၊ ဇူလိုင် ၉ ရက် (ဆင်ဟွာ)

ရုရှားနိုင်ငံက တရုတ်နိုင်ငံနှင့် နီးကပ်စွာ ပူးပေါင်း ဆောင်ရွက်ရန် ဆန္ဒရှိနေပြီး ပူးပေါင်း ဆောင်ရွက်မှုများ ဆက်လက် ချဲ့ထွင်သွားမည် ဖြစ်ကြောင်း ရုရှား ဝန်ကြီးချုပ် Dmitry Medvedev က ရုရှားနိုင်ငံသို့ အလည်အပတ် ရောက်ရှိနေသော တရုတ် ဒုတိယ ဝန်ကြီးချုပ် Wang Yang နှင့် ဗုဒ္ဓဟူးနေ့က တွေ့ဆုံစဉ်မှာ ပြောပါသည်။

Medvedev က အဆင့်မြင့် ရုရှား-တရုတ် ဆက်ဆံရေးကို ဂုဏ်ပြုကြောင်း၊ ရုရှား နိုင်ငံတွင် ပြုလုပ်မည့် ခြောက်ကြိမ်မြောက် နိုင်ငံတကာ စက်မှုဆိုင်ရာ ကုန်သွယ်မှု ပြပွဲသို့ တရုတ် စီးပွားရေး လုပ်ငန်းများမှ အထူးဧည့်သည်တော် အနေဖြင့် တက်ရောက်သည့်အတွက် ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့သည်။ နှစ်နိုင်ငံ ပူးပေါင်း ဆောင်ရွက်ရေးတွင် အဓိက နယ်ပယ်များဖြစ်သော မဟာဗျူဟာကျသော ပရောဂျက်များတွင် ပိုမို ပူးပေါင်း ဆောင်ရွက်ရန် အရေးကြီးကြောင်းလည်း ပြောကြားခဲ့သည်။

အဆိုပါ ကုန်သွယ်မှု ပြပွဲတွင် တရုတ် နိုင်ငံမှ စီးပွားရေး လုပ်ငန်းကြီး ၁၃၀ ကျော် မှ ကိုယ်စားလှယ်များ တက်ရောက်ရန် ဖိတ်ကြား ခံထားရပါသည်။

Wang ကလည်း နှစ်နိုင်ငံ ခေါင်းဆောင်များ၏ ဘုံသဘောတူညီမှုများကို ပူးပေါင်း အကောင်အထည် ဖော်ရန်နှင့် နှစ်နိုင်ငံ ကုန်သွယ်မှု တည်ငြိမ်စွာ ကြီးထွား လာစေရန် ပူးပေါင်း ဆောင်ရွက်ကြဖို့ ကတိပြုခဲ့ပါသည်။ စွမ်းအင်၊ မြန်နှုန်းမြင့် ရထားလမ်း အစရှိသည့် မဟာဗျူဟာမြောက် စီမံကိန်းများတွင် နှစ်နိုင်ငံ ပူးပေါင်း ဆောင်ရွက်မှုများ တိုးတက်မှု ရရှိခဲ့ပြီး ကုန်သွယ်မှု ပြပွဲကို အောင်မြင်စွာ လုပ်ဆောင်နိုင်ရန် ဆန္ဒရှိကြောင်း ပြောကြားခဲ့သည်။

နိုင်ငံတကာ စက်မှုဆိုင်ရာ ကုန်သွယ်မှု ပြပွဲကို ၂၀၁၀ ခုနှစ်ကတည်းက ရုရှားနိုင်ငံ ရီကတာရင်ဘာ့ (Yekaterinburg) မြို့တွင် နှစ်စဉ် ကျင်းပလေ့ ရှိပြီး ယခု ပြပွဲ ကို ဗုဒ္ဓဟူးနေ့မှ စနေနေ့ အထိ ကျင်းပမည် ဖြစ်သည်။ အဆိုပါ ပြပွဲတွင် တရုတ် စီးပွားရေး လုပ်ငန်းပေါင်း ၁၃၀ ကျော် အပါအဝင် နိုင်ငံပေါင်း ၇၀ ကျော်က စီးပွားရေး ကိုယ်စားလှယ်များ တက်ရောက်မည် ဖြစ်သည်။ ( Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.