Connect with us

Eastern Europe

တူရကီ ဆန္ဒပြသူများအား မျက်ရည်ယိုဗုံး ၊ ရော်ဘာကျည်ဆန်များ အသုံးပြု၍ ဖြိုခွဲ

တူရကီဆန္ဒပြသူများ နှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များ ထိပ်တိုက်တွေ့နေကြစဉ် (ဆင်ဟွာ)

အစ္စတန်ဘူလ် ၊ ဇွန် ၁၉ ရက် (ဆင်ဟွာ)

တူရကီနိုင်ငံ အစ္စတန်ဘူလ်မြို့၌ ဇွန်လ ၁၇ ရက် ညပိုင်းတွင်ဖြစ်ပွားခဲ့သော အစွန်းရောက် အစ္စလမ်ဝါဒီအပေါ်ဆန့်ကျင်ဆန္ဒပြပွဲတွင် ရဲတပ်ဖွဲ့ဝင်များက မျက်ရည်ယိုဗုံး ၊ ရော်ဘာကျည်ဆန် နှင့် ရေပိုက်များအသုံးပြု၍ လူစုခွဲခဲ့ရကြောင်း သိရသည်။

အစ္စတန်ဘူလ်မြို့လယ်ရှိ Cihangir ပြည်သူ့ရင်ပြင်တွင် လူပေါင်း ၅ဝဝ ကျော်သည် ၎င်းတို့လက်ထဲတွင် ဘီယာခွက်များကိုင်မြှောက်ကာ အစ္စလန်ဘာသာရေးအရ ရှေးရိုးဆန်လွန်းသည့် အစိုးရ၏မူဝါဒများအား ကန့်ကွက်ဆန္ဒပြခဲ့ကြသည်။

ကမ္ဘာတစ်ဝန်း နှင့် တူရကီနိုင်ငံအတွင်းရှိ အစ္စလန်ဘာသာဝင်များ၏ ရာမာဒန်ဥပုတ်လတွင် တူရကီနိုင်ငံ Beyoglu ခရိုင်အတွင်းရှိ Cihangir မြို့အနီးတွင် လူငယ်၂ဝ ခန့်သည် အရက်အလွန်အကွံျသောက်စားပြီး ဓာတ်ပြားဆိုင် တစ်ခုအတွင်းရှိ လူများအား ရိုက်နှက်ခဲ့ကြသည်။

အဆိုပါ စတိုးဆိုင်ပိုင်ရှင် နှင့် ဈေးဝယ်သူများသည် ဗြိတိသျှ တေး အဲလ်ဘမ် Radiohead ကိုနားဆင်နေချိန်တွင် တုတ်များ ၊ ပုလင်းများဖြင့် ရိုက်နှက်ခံရခြင်းဖြစ်ကြောင်း နှင့် ယင်းတိုက်ခိုက်မှုကြောင့် လူအချို့ထိခိုက်ဒဏ်ရာရသွားကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်သည် လူမှုကွန်ရက်စာမျက်နှာပေါ်တွင် လျှင်မြန်စွာပျံ့နှံ့သွားပြီး ရိုက်နှက်မှုအပေါ် စိတ်ဆိုးမာန်ဆိုး ဖြစ်စေခဲ့သည်။ တူရကီအစိုးရသည် အကြမ်းဖက်နှိမ်နင်းရေး ရဲတပ်ဖွဲ့ကို အသုံးပြုခဲ့သော်လည်း ဆန္ဒပြသူများသည် အခင်းဖြစ်နေရာမှ လူစုခွဲရန် ငြင်းဆိုခဲ့ကြသည်။
ထို့ပြင် လူအုပ်ကြီးသည် ဇွန် ၁၂ ရက်က ထုတ်ပြန်ခဲ့သည့် တူရကီနိုင်ငံသမ္မတ Recep Tayyip Erdogan ၏ အစ္စတန်ဘူလ်မြို့လယ်ရှိ Gezi ဥယျာဉ်အားပြန်လည်ပြင်ဆင်ရေး ကြေညာချက်ကို ဆန့်ကျင်ကြောင်း အော်ဟစ် ဆန္ဒပြခဲ့ကြသည်။

တူရကီသမ္မတက အဆိုပါ ဥယျာဉ်အားအော်တိုမန်ခေတ်က အသုံးပြုခဲ့သည့် စစ်တန်းလျားများပုံံစံ ပြန်လည် ပြောင်းလဲတည်ဆောက်ရေး အစီအစဉ်သစ်ကို ထုတ်ပြန်ခဲ့သော်လည်း ကန့်ကွက်သူများက လက်ခံခြင်းမပြုဘဲ Cihangir ပြည်သူ့ရင်ပြင် ဟူ၍သာ သံပြိုင်အော်ဟစ်ခဲ့ကြသည်။ ထို့ပြင် ဆန္ဒပြသူများက “ အခုမှစတာ ၊ဆန့်ကျင်မှုတွေ ဆက်ပြီးလုပ်သွားမယ်” ဟူ၍ ဆိုသည်။

ပျက်စီးယိုယွင်းနေသည့် ဥယျာဉ်နေရာတွင် စီမံကိန်းကြီးများဖြင့် အစားထိုးသွားရန် အစိုးရက စီစဉ်ခဲ့သည့် ၂ဝ၁၃ ခုနှစ်မှ စတင်ကာ တူရကီ နိုင်ငံအနှံ့အစိုးရဆန့်ကျင်ရေးဆန္ဒပြပွဲများ ဖြစ်ပွားခဲ့ကြောင်းသိရသည်။( Xinhua)