Eastern Europe
ရုရှားနိုင်ငံက မတ် ၁၄ ရက်တွင် နိုင်ငံတကာအာကာသစခန်းသို့ခရီးစဉ်သစ် စေလွှတ်ရန်ရှိ

မော်စကို ၊ ဖေဖော်ဝါရီ ၂၂ ရက်(ဆင်ဟွာ)
ရုရှားနိုင်ငံက နိုင်ငံတကာအာကာသစခန်း(ISS)သို့ရုရှားအာကာသယာဉ်မှူးတစ်ဦးနှင့် အခြားနိုင်ငံတကာအာကာသယာဉ်မှူးနှစ်ဦးတို့ကို ဆိုယု(Soyuz) MS-12 အာကာသလွန်းပျံယာဉ် အသုံးပြု၍ မတ် ၁၄ ရက်တွင် ကာဇက်စတန်နိုင်ငံမှ လွှတ်တင်ရန်စီစဉ်ထားကြောင်း သိရသည်။
အဆိုပါ ခရီးစဉ်တွင်ပါဝင်ကြမည့် ရုရှားအာကာသယာဉ်မှူး Alexei Ovchinin နှင့် အမေရိကန်(NASA) အာကာသယာဉ်မှူးများဖြစ်သော Nick Hague နှင့် Christina Kock တို့သည် မော်စကိုမြို့၌ ခရီးစဉ်နှင့်ပတ်သက်၍ ဖေဖော်ဝါရီ ၂၁ ရက်တွင် သတင်းစာရှင်းလင်းပွဲတစ်ခု ပြုလုပ်ခဲ့သည်။
ရုရှားအာကာသယာဉ်မှူး Alexander Skvortsov ၊ ဥရောပအာကာသအေဂျင်စီမှ Luca Parmitano နှင့် NASA အာကာသယာဉ်မှူး Andrew Morgan တို့က အရန်အာကာသယာဉ်မှူးများအဖြစ် အသင့်ရှိနေမည်ဖြစ်သည်။
အာကာယယာဉ်မှူးများသည် သိပ္ပံဆိုင်ရာ လက်တွေ့စမ်းသပ်မှုများ နှင့် မြေကမ္ဘာပေါ်မှ အရာဝတ္ထုများ အာကာယယာဉ်ပေါ်တွင် မည်သို့သက်ရောက်မှုရှိပုံကို စမ်းသပ်လေ့လာမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း ရုရှားအာကာသယာဉ်မှူး Ovchinin ကဆိုသည်။
အဆိုပါ ခရီးစဉ်၏ အဓိက စိတ်လှုပ်ရှားစရာအဖြစ်ဆုံး အပိုင်းမှာ အာကာယယာဉ်မှူးများသည် မေလတွင် အာကာသအတွင်း၌ လမ်းလျှောက်မှုတစ်ခု ပြုလုပ်ရန် စီစဉ်ထားခြင်းဖြစ်သည်။
အမျိုးသမီးအာကာသယာဉ်မှူးKoch က ၎င်းအနေဖြင့် အခြားအမေရိကန် အာကာသယာဉ်မှူးတစ်ဦးနှင့်အတူ ဂြိုဟ်ပတ်လမ်းအတွင်း အာကာသလမ်းလျှောက်ရန် အစီအစဉ်ရှိမရှိကို အတည်ပြုပြောကြားခဲ့ခြင်းမရှိပေ။ သို့သော် Koch က ၎င်းအနေဖြင့်ကောင်းစွာလေ့ကျင့်ထားကြောင်း နှင့် မည်သည့်အာကာသယာဉ်မှူးနှင့်မဆို အာကာသအတွင်းလမ်းလျှောက်ရန် အသင့်ရှိကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။
Ovchinin နှင့် Hague တို့သည် ပြီးခဲ့သော နှစ် အောက်တိုဘာလက နိုင်ငံတကာအာကာသစခန်း(ISS) သို့သွားရောက် စီစဉ်ခဲ့သော်လည်း ထိုစဉ်က အာကာသဒုံးပျံလွှတ်တင်စဉ် ဒုံးပျံထိပ်ဖူးစက်ပိုင်းဆိုင်ရာ ချွတ်ယွင်းမှုကြောင့် မအောင်မမြင်ဖြစ်ခဲ့ရာ အရေးပေါ်ပြန်လည်ဆင်းသက်ခဲ့ရကြောင်း သိရသည်။(Xinhua)