Europe
စိန့်ပီတာစဘာ့ခ် တိုက်ခိုက်သူမှာ Akbarzhon Dzhalilov ဖြစ်ကြောင်း ရုရှား ဖော်ထုတ်
မော်စကို၊ ဧပြီ ၅ ရက် (ဆင်ဟွာ)
ရုရှားနိုင်ငံ စုံစမ်းစစ်ဆေးရေး ကော်မတီ (RIC) က စိန့်ပီတာစဘာ့ခ် မြေအောက်ရထားလမ်း တွင် ဧပြီလ ၃ရက်က ဖြစ်ပွားခဲ့သည့် ဗုံးဖောက်ကွဲမှုအား အသက် ၂၂ နှစ်အရွယ် Akbarzhon Dzhalilov က လုပ်ဆောင်ခြင်း ဖြစ်ကြောင်း ဧပြီ ၄ ရက် တွင်ပြောကြားခဲ့သည်။
ရုရှားနိုင်ငံ၏ ဒုတိယအကြီးဆုံးမြို့ဖြစ်သည့် စိန့်ပီတာစဘာ့ခ်မြို့ ရှိ မြေအောက်ဘူတာရုံ နှစ်ခုကြား ရထားလိုဏ်ခေါင်းအတွင်း ရထားတွဲတစ်တွဲပေါက်ကွဲခဲ့ခြင်းဖြစ်ပြီး ပေါက်ကွဲမှုကြောင့် လူ ၁၄ဦးထက်မနည်းသေဆုံးကာ အများအပြားဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
အခင်းဖြစ်ပွားရာမှ ရရှိသည့် သဲလွန်စများ နှင့် လုံခြုံရေးကင်မရာ မှတ်တမ်းများကို စစ်ဆေးပြီးနောက် ရထားအတွင်း ဗုံးဖောက်ခွဲမှု ကျူးလွန်ခဲ့သူမှာ Dzhalilov ဆိုသူ ဖြစ်သည်ဟု စုံစမ်းစစ်ဆေးသူများ ကောက်ချက်ချခဲ့ကြကြောင်း RIC က ထုတ်ပြန်ခဲ့သည်။
သို့သော် ထုတ်ပြန်ချက်၌ Dzhalilov သည် IS စစ်သွေးကြွအုပ်စု (သို့) အခြားအကြမ်းဖက်အဖွဲ့အစည်းများ နှင့် ဆက်စပ်မှု ရှိ၊မရှိကိုမူ ထုတ်ဖော်ပြောကြားခြင်းမရှိကြောင်း သိရသည်။
ထုတ်ပြန်ချက်အရ Dzhalilov သည် တတိယမြောက်ဘူတာရုံ၌လည်း ဗုံးတစ်လုံးကို ထပ်မံထားရှိခဲ့ကြောင်း နှင့် ယင်းဗုံးအား စုံစမ်းစစ်ဆေးသူများက အသက်မဲ့အောင် ပြုလုပ်ခဲ့ကြောင်း သိရသည်။
Dzhalilov သည်လည်း ဗုံးပေါက်ကွဲမှုကြောင့် သေဆုံးသွားကြောင်း Interfex သတင်းဋ္ဌာနက RIC ပြောရေးဆိုခွင့်ရှိသူ Svetlana Petrenko ၏ ပြောကြားချက်ကို ကိုးကား၍ ဖော်ပြခဲ့သည်။
RIA Novosti သတင်းဋ္ဌာန နှင့် အချို့ ကာဂျစ်သတင်းမီဒီယာဋ္ဌာနခွဲများက Dzhalilov ကို ကာဂျစ္စတန်နိုင်ငံတွင် မွေးဖွားခဲ့ပြီး ရုရှားနိုင်ငံသားခံယူထားခြင်းဖြစ်ကြောင်း ဖော်ပြခဲ့ကြသည်။
Dzhalilovအား ကာဂျစ္စတန်နိုင်ငံ၌ ၁၉၉၅ခုနှစ်တွင် မွေးဖွားခဲ့ပြီး ၂၀၁၁ခုနှစ်တွင် မိဘများနှင့်အတူ ရုရှားနိုင်ငံသို့ ရောက်ရှိလာခဲ့ကြောင်း နှင့် ၎င်း၏ မိဘများ ကာဂျစ္စတန်နိုင်ငံသို့ ပြန်သွားချိန်တွင် ၎င်းသည် ပိုက်ဆံရှာရန်အတွက် ရုရှားနိုင်ငံ၌ ကျန်ရစ်နေခဲ့ကြောင်း နီးစပ်ရာ ဆွေမျိုးသားချင်းများ၏ ပြောကြားချက်ကို ကိုးကား၍ ကာဂျစ်သတင်းဋ္ဌာန 24.kg ကဖော်ပြခဲ့သည်။ (Xinhua)