Connect with us

Europe

ဆေးလိပ်သောက်ခြင်းကြောင့် စပိန်နိုင်ငံသား ၆ဝ,ဝဝဝ ကျော် နှစ်စဉ် သေဆုံးနေ

စပိန်နိုင်ငံ ဘာစီလိုနာမြို့ရှိ ပန်းခြံထဲတွင် ဆေးလိပ်သောက် နေသူတစ်ဦးအား တွေ့ရစဉ် (ဆင်ဟွာ)

မက်ဒရစ် ၊ ဇွန် ၁ ရက် (ဆင်ဟွာ)

စပိန်နိုင်ငံတွင် ဆေးလိပ်စွဲနေသူ ၁,၅ဝဝ မှ ၃,ဝဝဝ ကြားအပါအဝင် နှစ်စဉ် ဆေးလိပ်သောက်ခြင်းကြောင့် စပိန်နိုင်ငံသား ၆ဝ,ဝဝဝ နီးပါး သေဆုံးနေရကြောင်း မေလ ၃၀ ရက်တွင် ထုတ်ပြန်သော စစ်တမ်းတစ်ခု အရ သိရသည်။

စပိန်နိုင်ငံအတွင်းရှိ အရက် ၊ အရက်စွဲသူနှင့် အခြား ဆေးဝါး တစ်မျိုးမျိုး စွဲနေသူများကို လေ့လာနေသည့် သိပ္ပံ အဖွဲ့အစည်းကြီးက ဦးစီးဦးဆောင် ပြု၍ သုတေသနပြုခဲ့ခြင်း ဖြစ်ပြီး ၎င်းစစ်တမ်းကို မေလ ၃၁ ရက်တွင် ကျရောက် ကမ္ဘာ့ဆေးလိပ် ကင်းစင်ရေးနေ့အမီ ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

စစ်တမ်း ဖော်ပြချက်အရ စပိန်နိုင်ငံသား ၂၃.၉ ရာခိုင်နှုန်းသည် ဆေးလိပ်သောက်သူများ ဖြစ်နေရာ ဥရောပတိုက်အတွင်း ဆေးလိပ်သောက်သုံးမှု ရာခိုင်နှုန်းအများဆုံး နိုင်ငံစာရင်းတွင် အဆင့် ၉ ဖြင့် ထိပ်ဆုံး၌ ရပ်တည် နေကြောင်း သိရသည်။

အရက်စွဲနေသူများ ကုသရေးဆိုင်ရာ ညွှန်ကြားရေးမှူး Enrique Ochoa က စပိန် ရုပ်မြင်သံံကြား RTVE သို့ပြောကြားရာတွင် နိုင်ငံအတွင်း ဆေးလိပ် သောက်သုံးသူ ဦးရေ မြင့်တက်နေခြင်းကို လျှော့ချနိုင်ရန် အတွက် အများပြည်သူနှင့် သက်ဆိုင်သော နေရာများတွင် ဆေးလိပ်သောက်သုံးခွင့် ကန့်သတ်ခြင်း ၊ ဆေးလိပ်ဈေးနှုန်း တိုးမြှင့်ခြင်း နှင့် ဆေးလိပ်ဗူးခွံတွင် ဆေးလိပ်အမျိုးအစား နှင့် အမှတ်တံဆိပ်များကို ရိုက်နှိပ်ခွင့် ပယ်ဖျက်ခြင်း စသည့် ကန့်သတ်မှု အမျိုးမျိုး ပြုလုပ်သင့်ကြောင်း အကြံပြုထားသည်။

စပိန်နိုင်ငံ ကျန်းမာရေး ဆိုင်ရာ ညွှန်ကြားရေးမှူး (Semergen) အဖွဲ့က ဆေးရွက်ကြီး ကုမ္ပဏီများမှ စပွန်ဆာပေး ကျင်းပပြုလုပ်သည့် အခမ်းအနားများနှင့် ကြော်ငြာများကို လျှော့ချခြင်းဖြင့် နိုင်ငံအတွင်း ဆေးရွက်ကြီး ထုတ်လုပ်မှုကို ၇ ရာခိုင်နှုန်းထိ လျှော့ကျသွားစေမည် ဖြစ်ကြောင်း ပြောကြားသည်။

ဆေးရွက်ကြီးသည် ကမ္ဘာပေါ်တွင် လူသေဆုံးမှုကို အများဆုံး ဖြစ်ပွားစေသော အကြောင်းတရား တစ်ခုဖြစ်နေသည်။ စပိန်နိုင်ငံ ကင်ဆာအသင်း (SEOM) ၏ ထုတ်ပြန်ချကို ကိုးကား၍ စပိန်နိုင်ငံတွင် ကင်ဆာရောဂါ ဖြစ်ပွားသူ ၁၆ ရာခိုင်နှုန်းမှ ၄ဝ ရာခိုင်နှုန်းသည် ဆေးလိပ်သောက်ခြင်း နှင့် ဆက်စပ်မှု ရှိနေကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.