Connect with us

Europe

ဆွီဒင်တွင် လူအုပ်အတွင်း ထရပ်ကားဖြင့် ဝင်တိုက်မှုဖြစ်ပွား သေဆုံးသူ လေးဦးရှိလာ

တိုက်ခိုက်မှုဖြစ်ပွားရာ စတော့ဟုမ်းမြို့အလယ်ပိုင်း လမ်းမတစ်ခုတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များ စောင့်ဆိုင်းနေစဉ် (ဆင်ဟွာ)

စတော့ဟုမ်း၊ ဧပြီ ၈ ရက် (ဆင်ဟွာ)

ဆွီဒင်နိုင်ငံ မြို့တော် စတော့ဟုမ်းမြို့အလယ်ပိုင်း လမ်းမတစ်ခုတွင် ဧပြီ ၇ ရက် က ထရပ်ကားတစ်စီးသည် လမ်းမပေါ်ရှိ လူများကို ဝင်တိုက်ခဲ့ပြီးနောက် စတိုးဆိုင်တစ်ဆိုင်အား ထပ်မံဝင်တိုက်ခဲ့ကြောင်း၊ ယင်းသို့ ဝင်တိုက်မှုကြောင့် လူတစ်ဦးမှာ ဆေးရုံ၌သေဆုံးခဲ့ပြီး သေဆုံးသူ ၄ဦးရှိလာကြောင်း နှင့် ဒဏ်ရာရရှိသူ ၁၅ဦးရှိခဲ့ကြောင်း ရဲတပ်ဖွဲ့နှင့် ဆွီဒင်ရုပ်သံလိုင်းတစ်ခု၏ ဖော်ပြချက်အရ သိရသည်။

Karolinska Institutet ရှိ ဆေးရုံသတင်းရင်းမြစ်များကို ကိုးကား၍ ဆွီဒင်ရုပ်သံလိုင်းက အစောပိုင်းတိုက်ခိုက်မှု ကြောင့် ဒဏ်ရာရရှိသူဦးရေသည် ၁၅ဦးအထိတိုးလာခဲ့ပြီး ၎င်းတို့အနက် ကလေးနှစ်ဦးအပါအဝင် ကိုးဦးမှာ ဒဏ်ရာအခြေအနေ စိုးရိမ်ရကြောင်း ထုတ်လွှင့်ခဲ့သည်။တိုက်ခိုက်မှုကြောင့် လူလေးဦးသေဆုံးပြီး အခြားလူ ၁၂ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဆွီဒင်ရုပ်သံလိုင်း၏ ဖော်ပြချက်ကို စတော့ဟုမ်းရဲတပ်ဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ Lars Bystrom က အတည်ပြုပေးခဲ့ပြီး တိုက်ခိုက်မှုတွင် ပါဝင်သည်ဟု ယူဆရသော လူတစ်ဦးကိုလည်း ဖမ်းဆီးထားကြောင်း သိရသည်။ဆွီဒင်နိုင်ငံ ဝန်ကြီးချုပ် Stefan Lofven က “ဆွီဒင်နိုင်ငံ တိုက်ခိုက်ခံခဲ့ရပါတယ်။ ယခုဖြစ်ရပ်ကိုလည်း လူတိုင်းက အကြမ်းဖက်တိုက်ခိုက်မှုတစ်ခုလို့ သတ်မှတ်ထားပါတယ်” ဟုပြောကြားခဲ့သည်။

ယင်းတိုက်ခိုက်မှု ဖြစ်ပွားပြီးနောက် စတော့ဟုမ်းမြို့ရှိ ပို့ဆောင်ရေးစနစ်အားလုံးကို ရပ်ဆိုင်းထားခဲ့ကြောင်း ဆွီဒင်ရေဒီယိုက ဖော်ပြခဲ့သည်။ဆွီဒင်ရေဒီယိုက တိုက်ခိုက်မှုတွင် ပါဝင်သော ထရပ်ကားသည် စတော့ဟုမ်းမြို့အလယ်ပိုင်း ရှိ စားသောက်ဆိုင်တစ်ခု၏ အပြင်ဘက် မှ ဧပြီလ ၇ ရက် တွင် ခိုးယူလာသော ကားတစ်စီးဖြစ်ကြောင်း ဖော်ပြခဲ့သည်။

ဥရောပ ကော်မရှင် ဥက္ကဋ္ဌ Jean-Claude Juncker က “ဥရောပသမဂ္ဂ (EU) အဖွဲ့ဝင် နိုင်ငံ တစ်နိုင်ငံကို တိုက်ခိုက်တာဟာ အဖွဲ့အစည်းတစ်ခုလုံးကို တိုက်ခိုက်တာဖြစ်တယ်”ဟု ပြောကြားခဲ့သည်။၎င်း က တိုက်ခိုက်မှုကြောင့် ဒဏ်ရာရရှိသူ နှင့် သေဆုံးသွားသူများ၏ မိသားစုဝင်များနှင့် ထပ်တူထပ်မှ ဝမ်းနည်းရပါကြောင်း၊ ဥရောပသမဂ္ဂ (EU) သည် ဆွီဒင်နိုင်ငံသားများ၊ ဆွီဒင်အာဏာပိုင်များ နှင့်အတူ ရှိနေမည်ဖြစ်ပြီး တတ်နိုင်သမျှထောက်ပံ့ပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.