Connect with us

Europe

တရုတ်နိုင်ငံနိုင်ငံခြားရေးဝန်ကြီး၏ ဥရောပခရီးစဉ်တွင်အဓိကအချက်လေးချက်ပါဝင်

အီတလီနိုင်ငံသို့ အလည်အပတ်ရောက်ရှိနေသည့် တရုတ်နိုင်ငံနိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီးဝမ်ရိ (ဝဲ) နှင့် အီတလီနိုင်ငံနိုင်ငံခြားရေးဝန်ကြီး Luigi Di Maioတို့ပူးတွဲ သတင်းစာရှင်းလင်းပွဲပြုလုပ်နေစဉ် (ဆင်ဟွာ)

ရောမ၊ဩဂုတ်၂၇ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံနိုင်ငံတော် ကောင်စီဝင်နှင့် နိုင်ငံခြားရေးဝန်ကြီးဝမ်ရိက ၎င်း၏ဥရောပခရီးစဉ်သည် ဥရောပနှင့်အတူ COVID-19 ရောဂါဆက်လက်တိုက်ဖျက်ရေး၊ ဥပရောပ၏ စည်းလုံးညီညွတ်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှုကို ထောက်ခံရေး၊ တရုတ်-ဥရောပ ဆက်ဆံရေးကို အဆင့်မြှင့်တင်ရေးနှင့် ကမ္ဘာ့ငြိမ်းချမ်းရေးနှင့်ဖွံ့ဖြိုးတိုးတက်မှုကို မြှင့်တင်ရေးစသည့် အဓိကအချက်လေးချက် ပါဝင်ကြောင်း ဩဂုတ်၂၅ ရက်က ပြောကြားခဲ့သည်။

ဝမ်သည် အီတလီနိုင်ငံနိုင်ငံခြားရေးဝန်ကြီး Luigi Di Maio နှင့် ပူးတွဲသတင်းစာရှင်းပွဲပြုလုပ်စဉ်ပြောကြားခဲ့ခြင်းဖြစ်ပြီး ယခုခရီးစဉ်သည် ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါကို တရုတ်-ဥရောပ ပူးတွဲတိုက်ဖျက်ရေး အဆင့်မြှင့်တင်ရန် ရည်ရွယ်ထားသည်ဟုဆိုသည်။

ယခုနှစ်နှစ်ဆန်းပိုင်းကတည်းက ကပ်ရောဂါကူးစက်ပျံ့နှံ့မှုကို ရင်ဆိုင်ရင်း တရုတ်နိုင်ငံနှင့် ဥရောပတိုက်တို့သည် တစ်ဦးနှင့်တစ်ဦးအကူအညီများပေးအပ်ကာ နိုင်ငံတကာကူးစက်ရောဂါ တိုက်ဖျက်ရေးပူးပေါင်းဆောင်မှု၏ စံထားလောက်သူများဖြစ်လာခဲ့ကြောင်း ဝမ်ကပြောခဲ့သည်။

 

ကူးစက်ရောဂါတိုက်ဖျက်ရေး အထောက်အကူပြုပစ္စည်းများ တင်ဆောင်လာသည့် အတွဲ၄၅တွဲပါတရုတ်-ဥရောပကုန်စည် ရထားတစ်စင်းအားတွေ့ရစဉ် (ဆင်ဟွာ)

တရုတ်နိုင်ငံသည် အပြန်အလှန်အပေးအယူပြုရသော သဘောတရားကိုထောက်ခံသည့် နိုင်ငံဖြစ်ပါကြောင်း၊ တရုတ်နိုင်ငံသည် အခက်အခဲဘေးအန္တရာယ်ကျရောက်နေသူများကို ကူညီပေးသည့်အစဉ်အလာရှိပါကြောင်း၊ တရုတ်နိုင်ငံတွင် COVID-19 ရောဂါဖိစီးခဲ့စဉ် အချိန်ကဥရောပ၏ ကူညီမှုကိုမည်သည့်အခါမျှ မေ့လျော့ထားမည်မဟုတ်ကြောင်းနှင့် ဥရောပတွင် အလားတူအကျပ်အတည်းကြုံတွေ့ရချိန်၌လည်း တရုတ်နိုင်ငံကမည်သည့်အခါမျှ လက်ပိုက်ကြည့်နေမည်မဟုတ်ကြောင်း ဝမ်ကပြောကြားခဲ့သည်။

တရုတ်နိုင်ငံတွင် ရောဂါဖြစ်ပွားမှုသည် ယခုအခါထိထိရောက်ရောက် ထိန်းချုပ်နိုင်ပြီဖြစ်ကြောင်း၊ ကမ္ဘာ့ကျေးရွာ၏အဖွဲ့ဝင်တစ်ဦးဖြစ်သည့်အားလျော်စွာ တရုတ်နိုင်ငံသည် ကပ်ရောဂါတိုက်ဖျက်ရေးအသိပညာနှင့် အတွေ့အကြုံများကို မျှဝေရန်အသင့်ရှိပါကြောင်းနှင့် ဥရောပတွင်ကပ်ရောဂါလျော့ပါးရေးကူညီပေးရန် လိုအပ်သော အထောက်အပံ့များကို ဆောလျင်စွာပံ့ပိုးရန်လည်း အသင့်ရှိပါကြောင်း ဝမ်ကပြောသည်။

ထို့ပြင် ၎င်း၏ခရီးစဉ်သည် ဥရောပ၏စည်းလုံးညီညွတ်မှုနှင ့်ဖွံ့ဖြိုးတိုးတက်မှုကို ဆက်လက်ထောက်ခံသွားရန် ရည်ရွယ်ထားသည်ဟုဝမ်ကဆိုသည်။ စည်းလုံးညီညွတ်ပြီး တည်ငြိမ်၍ကြွယ်ဝချမ်းသာသော ဥရောပတိုက်သည် ဥရောပကိုသာမကကမ္ဘာကြီးကိုလည်း ပဲအကျိုးရှိစေမည်ဖြစ်ပြီးထိုအချက်သည် တရုတ်နိုင်ငံ၏ အပြောင်းအလဲမရှိရှင်းလင်းပြီး မဟာဗျူဟာမြောက်ဆုံးဖြတ်ချက်တစ်ရပ်ဖြစ်သည်ဟု ဝမ်ကမှတ်ချက်ပြုခဲ့သည်။

 

အီတလီနိုင်ငံရောမမြို့တွင် နှာခေါင်းစည်းတပ်ဆင်ကာ လမ်းလျှောက်နေသူ တစ်ဦးအားတွေ့ရစဉ် (ဆင်ဟွာ)

လက်ရှိတွင် ကပ်ရောဂါသက်ရောက်မှုကြောင့် ဥရောပ၏ဖွံ့ဖြိုးတိုးတက်မှုသည်စိန်ခေါ်မှုအသစ်များနှင့် ရင်ဆိုင်ကြုံတွေ့နေကြောင်း၊ တရုတ်နိုင်ငံအနေဖြင့်လက်တွေ့ကျသော ဆောင်ရွက်ချက်များမှ တစ်ဆင့်ဥရောပတိုက်ပေါင်းစည်းရေးလုပ်ငန်းစဉ်ကို အပြည့်အဝထောက်ခံသွားမည်ဖြစ်ကြောင်း၊ ဥရောပကစည်းလုံးညီညွတ်မှုနှင့် ဖွံ့ဖြိုးတိုးတက်မှုအတွက်ကြိုးစားနေသဖြင့် ယုံကြည်ရသောမဟာဗျူဟာမြောက်မိတ်ဖက်နိုင်ငံအဖြစ် တည်ရှိနေမည်ဖြစ်ကြောင်း ဝမ်ကပြောခဲ့သည်။

 

အီတလီနိုင်ငံရောမမြို့ရှိ Roma Termini ဘူတာရုံတွင် နှာခေါင်းစည်းတပ်ဆင်ထားသည့် ခရီးသည်များ ရထားစောင့်နေသည်ကိုတွေ့ရစဉ် (ဆင်ဟွာ)

ထို့ပြင် ဝမ်က၎င်း၏ခရီးစဉ်သည်တရုတ်-ဥရောပ ဆက်ဆံရေးကို ဆက်လက်မြှင့်တင်ရန်လည်း ရည်ရွယ်ထားကြောင်းထည့်သွင်းပြောကြားခဲ့သည်။ တရုတ်-ဥရောပ ဆက်ဆံရေးတိုးတက်မှုသည် နှစ်ဘက်ပြည်သူများကိုသာ အကျိုးကျေးဇူးရှိစေမည်မဟုတ်ဘဲ ကမ္ဘာကြီးဖွံ့ဖြိုးတိုးတက်မှုအတွက်လည်းပဲ အရေးပါသောကူညီမှုများဆောင်ရွက်ပေးကြောင်း အချက်အလက်များက ဖော်ပြနေကြောင်းဝမ်ကမှတ်ချက်ပြုခဲ့သည်။

လက်ရှိတရုတ်-ဥရောပ ဆက်ဆံရေးသည် ယေဘုယျအားဖြင့် ကောင်းမွန်နေကြောင်း၊ သို့သော်အမျိုးမျိုးသော သွေးထိုးလှုံ့ဆော်မှုများနှင့်ပြင်ပအင်အားစုများ၏ တမင်တကာအဖျက်အမှောင့်လုပ်ရပ်များကို ခံစားနေရကြောင်း၎င်းကပြောခဲ့သည်။ နှစ်ဦးနှစ်ဘက်ဘုံအကျိုးစီးပွားများအတွက် ယုံကြည်မှုကိုအခိုင်အမာထားရှိသင့်ကြောင်း၊ နှောင့်ယှက်မှုများကိုလွင့်ပြယ်စေသင့်ပြီး အခက်အခဲများကိုကျော်လွှားကာကောင်းမွန်၍ တည်ငြိမ်စွာဖွံ့ဖြိုးတိုးတက်မှုရှိသော တရုတ်-ဥရောပ ဆက်ဆံရေးကို ထိန်းသိမ်းသွားရမည်ဟုဆိုသည်။

ဝမ် ၏ ဥရောပခရီးစဉ်သည် ကမ္ဘာကြီးငြိမ်းချမ်းရေးနှင့်ဖွံ့ဖြိုးတိုးတက်မှုကို ထပ်မံအဆင့်မြှင့်တင်ပေးရန်လည်း ရည်ရွယ်ထားပါကြောင်း ဝမ်ကထည့်သွင်းပြောကြားခဲ့သည်။ လက်ရှိတွင် ကမ္ဘာတစ်ဝန်းရှိနိုင်ငံများသည် COVID-19 ကပ်ရောဂါကြောင့် ဖိစီးနေရသည်သာမက တစ်ဖက်သတ်ဝါဒ၊ကိုယ်ကျိုးစီးပွားကာကွယ်ရေးဝါဒနှင့် စစ်အေးတိုက်ပွဲသဘောထားတစ်ကျော့ပြန်ပေါ်ပေါက်လာခြင်းများကိုလည်း ပဲရင်ဆိုင်နေရခြင်းဖြစ်သည်။အီတလီနိုင်ငံသည် ဝမ်၏ ဥရောပခရီးစဉ်ပထမဆုံးရောက်ရှိသည့် နိုင်ငံဖြစ်ပြီး ထိုမှတစ်ဆင့် နယ်သာလန်၊ နော်ဝေ၊ ပြင်သစ်နှင့် ဂျာမနီစသည့် နိုင်ငံများသို့ ဆက်လက်သွားရောက်မည်ဖြစ် ကြောင်းသိရသည်။  (Xinhua)