Europe
ပတ်ဝန်းကျင် ညစ်ညမ်းမှု လျှော့ချရန် ပလတ်စတစ် အသုံးအဆောင် ပစ္စည်းများ သုံးစွဲခြင်းက တရားမဝင်ကြောင်း ပြင်သစ် ကြေညာ

ပဲရစ်၊ စက်တင်ဘာ ၁၉ ရက် (ဆင်ဟွာ)
ပလတ်စတစ်ဖြင့် ပြုလုပ်ထားသော အသုံးအဆောင် ပစ္စည်းများသည် ဆွေးမြေ့ရန် မလွယ်ကူသောကြောင့် ယင်း ပစ္စည်းများ သုံးစွဲခြင်းကို တားမြစ်သည့် ဥပဒေသစ် တစ်ရပ်အား ပြင်သစ်နိုင်ငံက ခွင့်ပြုလိုက်ကြောင်း သိရသည်။
ပြင်သစ်နိုင်ငံ RFI သတင်းဋ္ဌာန ဖော်ပြထားချက်အရ အဆိုပါ ဥပဒေသစ်သည် ၂၀၂၀ ခုနှစ်တွင် အသက်ဝင်မည့် အစိမ်းရောင် ဖွံ့ဖြိုးမှု စီမံကိန်း အတွက် စွမ်းအင် အသွင်ကူးပြောင်းရေး၏ အစိတ်အပိုင်း တစ်ရပ် ဖြစ်သည်ဟု ဆိုသည်။
ပတ်ဝန်းကျင် ညစ်ညမ်းမှု လျှော့ချရေး နည်းလမ်းသစ်ကြောင့် အစိမ်းရောင် စီးပွားရေး ထောက်ခံသူများအကြား လက်ခုပ်သံ ရရှိစေနိုင်ခြင်း၊ ယင်း ဥပဒေအား ၂၀၁၇ ခုနှစ်အတွင် စောနိုင်သမျှ စောစော အတည်ပြုနိုင်ရန် အကြံပြုထားကြပြီး ပလတ်စတစ် အသုံးအဆောင် ထုတ်လုပ်သူများအတွက်မူ ဝမ်းသာစေမည့် အကြောင်းအရာ တစ်ခုတော့ မဟုတ်ပေ။
ဥရောပ ကုန်ထုတ်ပစ္စည်း ထုတ်လုပ်သူများ ကိုယ်စားပြု ဘရပ်ဆဲလ် အခြေစိုက် အဖွဲ့အစည်း တစ်ခုဖြစ်သည့် Pack2Go Europe က ယခု ဥပဒေသစ်သည် အဓိပ္ပါယ်မရှိဟူသော ပြောကြားချက်အား Independent သတင်းက ဖော်ပြထားသည်။
‘ပြင်သစ်ရဲ့ ဥပဒေပြု လုပ်ဆောင်ခြင်းဟာ ဥရောပ ဥပဒေ အပေါ် ချိုးဖောက်ခြင်း ဖြစ်တဲ့အတွက် မှန်ကန်စွာ လုပ်ကိုင်နိုင်ရေးအတွက် ဥရောပ ကော်မရှင်ကို တိုက်တွန်းသွားမယ်” ဟု Pack2Go Europe ၏ အထွေထွေ အတွင်းရေးမှူး အမ်မွန်း ဘိတ်စ်က ပြောသည်။
ယင်းသို့ ကန်သတ်လိုက်ခြင်းအား ပြင်သစ် ပတ်ဝန်းကျင် ထိန်းသိမ်းရေး ဝန်ကြီးအနေဖြင့် တိကျပြတ်သားသည့် အကြောင်းအရာ ပြောကြားထားခြင်း မရှိသေးကြောင်း၊ ယခုလို ကန့်သတ်ခြင်းသည် ပလတ်စတစ် ပန်ကန် ခွက်ယောက်များအား အမြဲ သုံးစွဲလေ့ရှိသည့် ဝင်ငွေနည်း မိသားစုများအပေါ်သို့ စီးပွားရေးဆိုင်ရာ အကျပ်အတည်း ဖြစ်လာနိုင်မည် ဖြစ်ကြောင်း သတင်းက ဖော်ပြထားသည်။
ပြင်သစ်နိုင်ငံသည် ယခုနှစ် အစောပိုင်းက ပလတ်စတစ် ဈေးဝယ်အိတ်များ သုံးစွဲခြင်းအား ကန့်သတ်ခဲ့သည်။
အမေရိကန်နိုင်ငံရှိ အချို့ပြည်နယ်များ၌ ပလတ်စတစ် ဈေးဝယ်အိတ်များ သုံးစွဲခြင်းအား ကန့်သတ်ထားပြီး ဗြိတိန်နိုင်ငံ၏ နေရာ အတော်များများ၌ ပလတ်စတစ်အိတ်များ သုံးစွဲပါက အပိုငွေကြေး ပေးဆောင်ရကြောင်း သိရသည်။ (Xinhua)