Connect with us

Europe

ဗြိတိန်နိုင်ငံသား အနုပညာရှင်တစ်ဦး က လကမ္ဘာ မျက်နှာပြင်အတိုင်း ပုံစံတူ လကမ္ဘာတစ်ခုအား အသေးစိတ်ဖန်တီးခဲ့

ဗြိတိန်နိုင်ငံသား အနုပညာရှင် လုခ်ဂျာရမ် ဖန်တီးခဲ့သော ၇မီတာ အမြင့်ရှိသည့် လကမ္ဘာပုံစံတူအား တွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

လန်ဒန်၊ မတ် ၂၁ ရက် (ဆင်ဟွာ)

ကမ္ဘာသားများ အနေဖြင့် လပေါ်သို့ မရောက်ဖူးရင်တောင်မှ လ၏ မျက်နှာပြင်အား အနီးကပ် ကြည့်ရှုလေ့လာနိုင်မည့် အခွင့်အလမ်းမျိုးကို ယခု တစ်ပတ်အတွင်း ရရှိတော့မည်ဖြစ်သည်။

ရင်သပ်ရှုမောဖွယ် ၇မီတာ အမြင့်ရှိသည့် လကမ္ဘာပုံစံတူအား အင်္ဂလန်နိုင်ငံ အနောက်တောင်ပိုင်း Bristol တက္ကသိုလ် ရှိ တော်ဝင်ခန်းမ တွင်း တပ်ဆင်ထားပြီးဖြစ်ကြောင်း သိရသည်။

ဗြိတိန်နိုင်ငံသားအနုပညာရှင် လုခ်ဂျာရမ် က အမေရိကန်နိုင်ငံ အာကာသအေဂျင်စီ NASA မှ လ၏ အသေးစိတ်ပုံရိပ်များကို အသုံးပြု၍ လကမ္ဘာ၏ မျက်နှာပြင်နှင့် ပုံတူ တစ်ခုအား ဖန်တီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

Bristol တက္ကသိုလ်သည် လကမ္ဘာဆိုင်ရာ အနုပညာပြတိုက်အား မတ် ၂၀ ရက်တွင် ဖွင့်လှစ်ပြသခဲ့ပြီး မတ်လ ၂၂ ရက်တွင် ရောက်ရှိလာမည့် တက္ကသိုလ်၏ ပါမောက္ခချုပ်အသစ် ဆာပေါလ်နာ့စ် အားကြိုဆိုသည့်အနေဖြင့် အထင်ကရ Wills Memorial အဆောက်အအုံ အတွင်းရှိ တော်ဝင်ခန်းမ၌ ယင်းအနုပညာပစ္စည်းများအား ထည့်သွင်းပြသသွားမည်ဖြစ်သည်။

တက္ကသိုလ်က အံသြဖွယ် လကမ္ဘာပြတိုက်အား အများပြည်သူ ကြည့်ရှုလေ့လာနိုင်ရန် မတ်လ ၂၅ ရက်နှင့် မတ်လ ၂၆ ရက်တွင် ဖိတ်ကြားသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

တက္ကသိုလ်၏ပြောရေးဆိုခွင့်ရှိသူ က “အထင်ကြီးဖို့ကောင်းတဲ့ ဒီလကမ္ဘာပုံစံတူကို NASAရဲ့ လကမ္ဘာပုံရိပ်များကို အသုံးပြုပြီး အသေးစိတ်ဖန်တီးထားပါတယ်။ အကွာအဝေးအချိုးအစားအနေနဲ့ အပုံ ငါးသိန်းပုံ တစ်ပုံရှိပြီး ပုံစံတူပေါ်က တစ်စင်တီမီတာ ဟာ လကမ္ဘာပေါ်မှာ ၅ကီလိုမီတာ အကွာအဝေးရှိမှာပါ” ဟုပြောကြားခဲ့သည်။

ဂျာရမ်က “ယခုပြပွဲမှာ အများပြည်သူအနေနဲ့ လကမ္ဘာကို အနီးကပ်တွေ့မြင်နိုင်မှာ ဖြစ်သလို ၎င်းရဲ့မျက်နှာပြင်ကိုလည်း အသေးစိတ်လေ့လာနိုင်ပြီး လရောင်ကိုလည်း ခံစားနိုင်မှာဖြစ်ပါတယ်။ တော်ဝင်ခန်းမဟာ လကမ္ဘာပြတိုက်ကို ပြသဖို့အတွက် ထိုက်တန်တဲ့ အကောင်းဆုံးနေရာတစ်ခုဖြစ်ပြီး ဒီလိုမျိုး ပုံစံတူ ကို ထားရှိဖို့ထောက်ပံ့ပေးကြတဲ့ တက္ကသိုလ်ကိုလည်း ကျေးဇူးအများကြီးတင်ပါတယ်” ဟုပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.