Connect with us

Europe

အစ္စတန်ဘူလ်၌ ရဟတ်ယာဉ်ပျက်ကျ ၊ ၇ ဦးသေဆုံး

တူရကီနိုင်ငံ အစ္စတန်ဘူလ်၌ ပျက်ကျသွားသော ရဟတ်ယာဉ်အစိတ်အပိုင်းအားတွေ့ ရစဉ်(ဆင်ဟွာ)

အစ္စတန်ဘူလ် ၊ မတ် ၁၁ ရက် (ဆင်ဟွာ)

တူရကီနိုင်ငံ အစ္စတန်ဘူလ်မြို့၌ မတ်လ ၁ဝ ရက်က စီးပွားဖြစ် ဝန်ဆောင်မှုပေးနေသော ရဟတ်ယာဉ်တစ်စင်းပျက်ကျမှုဖြစ်ပွားရာ ရုရှားနိုင်ငံသား ၄ ဦးအပါအဝင် ရဟတ်ယာဉ်ပေါ်လိုက်ပါလာသူ ၇ ဦးစလုံး သေဆုံးသွားကြောင်း အစ္စတန်ဘူလ်မြို့တော်ဝန်က ဆိုသည်။

သေဆုံးသူများအနက် ၅ ဦးမှာ အခင်းဖြစ်နေ့၊ နံနက်ပိုင်းတွင် သေဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း မြို့တော်ဝန် Kadir Topbas က ဆိုသည်။ Sikorsky S-76 ရဟတ်ယာဉ်သည် ပုဂ္ဂလိက ကုမ္ပဏီတစ်ခုမှ ပိုင်ဆိုင်သော ရဟတ်ယာဉ်တစ်စင်းဖြစ်ပြီး Beylikduzu ခရိုင်အပြင်ဘက်၌ ပျက်ကျခဲ့ခြင်းဖြစ်သည်။၎င်းရဟတ်ယာဉ်သည် ရဟတ်ယာဉ်မှူး ၂ ဦး ၊ အမျိုးသမီး ခရီးသည် ၂ ဦး နှင့် အမျိုးသား ခရီးသည် ၃ ဦးတို့ကို တင်ဆောင်လာကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။တူရကီနိုင်ငံ ပို့ဆောင်ရေး ၊ ရေကြောင်း နှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ဝန်ကြီး၏ ပြောကြားချက်အရ ၎င်းရဟတ်ယာဉ်သည် ရုပ်မြင်သံကြားတာဝါတိုင်တစ်ခုကို တိုက်မိရာမှ ပျက်ကျသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အခင်းဖြစ်နေရာတွင် ဆီးနှင်းများထူထပ်စွာကျဆင်းနေသော်လည်း ရဟတ်ယာဉ် စတင်ထွက်ခွာချိန်တွင် ရာသီဥတုအခြေအနေမှာပုံမှန်သာ ရှိနေကြောင်း ဝန်ကြီးက ဆိုသည်။အစ္စတန်ဘူလ်အုပ်ချုပ်ရေးမှူးVasip Sahin က သတင်းစာရှင်းလင်းပွဲ၌ ပြောကြားရာတွင် ၎င်းရဟတ်ယာဉ်သည် Ataturk လေဆိပ်မှ ထွက်ခွာပြီး ၅ မိနစ်ခန့်အကြာတွင် ပျက်ကျသွားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။(Xinhua)