Europe
အစွန်းရောက်ဝါဒ ပုံစံအားလုံးအား ကိုင်တွယ်ရာတွင် အခိုင်အမာ ပူးပေါင်းသွားမည်ဟု ထရူးဒိုးနှင့် မေ ပြောကြား
အော့တဝါ၊ ဖေဖော်ဝါရီ ၅ ရက် (ဆင်ဟွာ)
အစွန်းရောက် အကြမ်းဖက်မှု ပုံစံအားလုံးအား တိုးမြှင့် ကိုင်တွယ် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း ကနေဒါနိုင်ငံ ဝန်ကြီးချုပ် ဂျက်စတင် ထရူးဒိုး (Justin Trudeau) က ဖေဖော်ဝါရီလ ၄ ရက်တွင် ဗြိတိန်နိုင်ငံ ဝန်ကြီးချုပ် ထရီဇာမေ (Theresa May) ထံ တယ်လီဖုန်းကတစ်ဆင့် ပြောကြားခဲ့ကြောင်း ကနေဒါ ဝန်ကြီးချုပ်ရုံးထံမှ သိရသည်။
ကနေဒါနိုင်ငံ Quebec မြို့အနီး Sainte-Foy မြို့ရှိ ဗလီတစ်ခု၌ ဖြစ်ပွားခဲ့သော ပစ်ခတ်မှုအား ၎င်းအနေဖြင့် ဝမ်းနည်းရပါကြောင်း မေက ပြောကြားခဲ့သည်။
အဆိုပါ သေနတ် ပစ်ခတ်မှုမှာ ဇန်နဝါရီလ ၂၉ ရက်က ညနေခင်း ဝတ်ပြု ဆုတောင်းသူများအတွင်း ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အနည်းဆုံး လူ ၆ ဦး သေဆုံးကာ ၈ ဦး ဒဏ်ရာရရှိခဲ့ကြောင်း၊ ယင်းပစ်ခတ်မှုနှင့် ဆက်စပ်သော သံသယရှိသူ နှစ်ဦးအား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။
ထို့ပြင် မြောက် အတ္တလန္တိတ် စာချုပ် အဖွဲ့ဝင်နိုင်ငံများ (NATO)၊ G7 ၊ G20 များ၏ ကတိကဝတ်အား မျှဝေသွားမည် ဖြစ်ကြောင်း ဝန်ကြီးချုပ် နှစ်ဦးက ထပ်လောင်း ပြောကြားခဲ့သည်။
ထို့နောက် ကနေဒါ-အီးယူ ကျယ်ပြန့်သော စီးပွားရေးနှင့် ကုန်သွယ်ရေး သဘောတူညီချက် (CETA) ကို အကောင်အထည်ဖော်ရေးနှင့် အတည်ပြုချက်အား အချိန်မီ လက်မှတ်ရေးထိုးနိုင်ရေး အပါအဝင် လွတ်လပ်သော ကုန်သွယ်မှု နှင့် ရင်းနှီးမြှုပ်နှံမှု တိုးတက်ရေးဆိုင်ရာ ကတိကဝတ်အား ဆွေးနွေးခဲ့ကြကြောင်း သိရသည်။ (Xinhua)