Connect with us

Europe

အာဏာသိမ်းဖို့ကြိုးပမ်းသူတွေကို သေဒဏ်ပေးရေး/မပေးရေးပြည်သူ့ဆန္ဒပေါ်မူတည်ဟု တူရကီသမ္မတ ပြော

တူရကီနိုင်ငံ သမ္မတ Erdogan အားတွေ့ရစဉ် (ဆင်ဟွာ)

အစ္စတန်ဘူလ်၊ ဇူလိုင် ၁၉ ရက် (ဆင်ဟွာ)

တူရကီနိုင်ငံ သမ္မတ Recep Tayyip Erdogan က သေဒဏ်ပြစ်ဒဏ်ကို ပြန်လည်ကျင့်သုံးရေး နှင့် မအောင်မမြင် ဖြစ်ခဲ့ရသည့် စစ်တပ်အာဏာသိမ်းမှု နောက်ကွယ်တွင်ကြိုးကိုင်သူအဖြစ် စွပ်စွဲခံထားရသော အမေရိကန်နိုင်ငံ၌ ခိုလှုံနေသူ ပြည်ပြေး အတိုက်အခံ ခေါင်းဆောင်အား ပြန်လည် လွှဲပြောင်းပေးရန် ဇူလိုင်လ ၁၈ ရက်က အမေရိကန် နိုင်ငံအား တိုက်တွန်း ပြောကြားလိုက်သည်။

တူရကီနိုင်ငံသည် ဥရောပသမဂ္ဂ ဝင်ခွင့်ရရှိရေး ကြိုးပမ်းမှု တစ်စိတ်တစ်ပိုင်းအဖြစ် ၂ဝဝ၂ ခုနှစ် ကတည်းက နိုင်ငံအတွင်း သေဒဏ် ပြစ်ဒဏ်အား ပယ်ဖျက်ထားခဲ့ကြောင်း သိရသည်။
“ ဒီကိစ္စက နိုင်ငံတော် ပုန်ကန်မှုဆိုတာ ရှင်းပါတယ်။ ခင်ဗျားတို့ရဲ့ တောင်းဆိုမှုကို ကျနော်တို့အစိုးရ ဘယ်တော့မှ ပယ်ချမှာ မဟုတ်ပါဘူး” ဟု သမ္မတ Erdogan က CNN သတင်းဌာနနှင့် တွေ့ဆုံမေးမြန်းမှုတွင် ဖြေကြားခဲ့သည်။ ၎င်းမှာ တူရကီနိုင်ငံ၌ ဇူလိုင်လ ၁၅ ရက်ညပိုင်းက ဖြစ်ပွားခဲ့သော အာဏာသိမ်းမှု နောက်ပိုင်း နိုင်ငံခြား သတင်းဌာနတစ်ခု နှင့် သမ္မတ၏ ပထမဆုံး တွေ့ဆုံ မေးမြန်းမှု အစီအစဉ်တစ်ခု ဖြစ်သည်။
Erdogan က သေဒဏ်ပြစ်ဒဏ် ကိစ္စနှင့် ပက်သက်၍ တူရကီ ပါလီမန်ကသာ ဆုံးဖြတ်ရမည် ဖြစ်ကြောင်း၊ သို့သော် ဆုံးဖြတ်ချရေး အကြောင်း တစ်စုံတစ်ရာ ပေါ်ပေါက်လာပါက ၎င်းအနေဖြင့် လက်မှတ် ထိုးပေးသွားမည် ဖြစ်ကြောင်း ပြောကြားသည်။
အာဏာသိမ်းမှု ဖြစ်စဉ်တွင် ပါဝင်ခဲ့သည့် တူရကီစစ်သားများ အရေးနှင့် ပတ်သက်၍ မေးမြန်းရာတွင် သမ္မတက “ သူတို့ကို ဘာအတွက် ထိန်းသိမ်းထားရမလဲ။ ထောင်ထဲမှာ အကြာကြီး ကျွေးမွေးထားဖို့လား။ ဒါကြောင့် ပြည်သူတွေ ဖြေပါ” ဟု ဖြေကြားခဲ့သည်။
“ သူတို့က လျင်လျင်မြန်မြန် အဆုံး သတ်ချင်ကြတယ်။ ဘာကြောင့်လဲဆိုတော့ လူတွေက ဆွေးမျိုးတွေ ဆုံးရှုးံတယ်။ အိမ်နီးနားချင်းတွေ ဆုံးရှုံးတယ်။ ကလေးတွေ ဆုံးတယ်။ အားလုံးတော်တော်လေး ထိခိုက် ခံစားရတယ်။ ပြည်သူတွေက အရမ်းကို ထိလွယ်ရှလွယ် ဖြစ်နေတယ်။ ဒါကြောင့် ကျွန်တော်တို့က အရမ်းဆတ်ဆတ်ထိ မခံ စဉ်းစဉ်းစားစား လုပ်ရလိမ့်မယ်” ဟု သမ္မတက ဆက်လက်ပြောကြားသည်။
ထို့ပြင် တူရကီသမ္မတက စစ်တပ်အာဏာ သိမ်းမှုအတွက် အမေရိကန်နိုင်ငံ၌ ခိုလှုံနေသော ဘာသာရေး ခေါင်းဆောင် Fethullah Gulen အားထပ်တလဲလဲ ပြစ်တင် ပြောဆိုလိုက်ပြီး ၊ ၎င်းအား ပြည်နှင်ဒဏ်ပေးရန် အမေရိကန်သမ္မတ အိုဘားမားအား တောင်းဆိုလိုက်သည်။
အမေရိကန်နိုင်ငံ အစိုးရက အဆိုပါကိစ္စနှင့် ပတ်သက်၍ ဆွေးနွေးရန် အသင့်ရှိကြောင်း ဇူလိုင်လ ၁၈ ရက်က ပြောကြားခဲ့သည်။ တူရကီသမ္မတ Erdogan က ယခု ရက်ပိုင်းအတွင်း အမေရိကန် အစိုးရထံသို့တရားဝင် စာရေးသား တောင်းဆိုသွားမည် ဖြစ်ကြောင်း CNN သတင်းဌာနှင့် အင်တာဗျူးတွင် ဖြေကြားထားသည်။
“ တရားခံ လွှဲပြောင်း ပေးအပ်ရေး အတွက် နှစ်နိုင်ငံအပြန်အလှန် သဘောတူညီမှု ရှိပြီးသားပါ။ တူရကီဟာ အမေရိကန်အတွက် မဟာဗျူဟာမြောက် မိတ်ဆွေဆိုရင်တော့ တူရကီဖက်က တောင်းဆိုချက်ကို အမေရိကန်ဖက်က လိုက်လျောရပါလိမ့်မယ်” ဟု Erdogan က ဖြည့်စွက် ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.