Europe
အိုင်အက်စ်ကို တိုက်ခိုက်ရန် ဖိလစ်ပိုင်ကို သြစတြေးလျ သူလျှို လေယာဉ် ကူညီမည်
ကန်ဘာရာ၊ ဇွန် ၂၃ ရက် (ဆင်ဟွာ)
ဖိလစ်ပိုင်နိုင်ငံ တောင်ပိုင်း ဒေသများတွင် အိုင်အက်စ်တို့ကို တိုက်ထုတ်ရန်အတွက် ထောက်လှမ်းရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင် ဒေသခံ တပ်များအား သြစတြေးလျနိုင်ငံ တော်ဝင် လေတပ်မှ (RAAF) သူလျှို (Spy) လေယာဉ်များက ကူညီသွားမည် ဖြစ်ကြောင်း သြစတြေးလျ ကာကွယ်ရေး ဝန်ကြီးက ဇွန်လ ၂၃ ရက်တွင် အတည်ပြု ပြောကြားလိုက်သည်။
ဇွန်လ ၂၃ ရက်တွင် ထုတ်ပြန်သည့် ကြေညာချက်တွင် ကာကွယ်ရေး ဝန်ကြီး Marise Payne က ဖိလစ်ပိုင်နိုင်ငံ Mindanao ကျွန်း အနောက်မြောက်ရှိ မာရာဝီမြို့မှ အိုင်အက်စ်တို့ကို မောင်းထုတ်ရာတွင် ဒေသခံ တပ်ဖွဲ့များအား လေကြောင်း ထောက်လှမ်းရေး အကူအညီပေးရန် RAAF ၏ AP-3C Orion လေယာဉ် နှစ်စင်းက ကူညီမည် ဖြစ်ကြောင်း ပြောကြားခဲ့သည်။
“အထူးသဖြင့် အိုင်အက်စ်နဲ့ ပြည်ပ တိုက်ခိုက်ရေးသမားများတွေ ပါဝင်တဲ့ အကြမ်းဖက်ဝါဒရဲ့ ဒေသတွင်း ခြိမ်းခြောက်မှုတွေဟာ သြစတြေးလျနဲ့ ကျွန်တော်တို့ရဲ့ အကျိုးစီးပွားကို တိုက်ရိုက် ခြိမ်းခြောက်နေတာပါပဲ၊ ဒါကို ကိုင်တွယ်ဖို့ အရှေ့တောင်အာရှမှာရှိတဲ့ ကျွန်တော်တို့ရဲ့ မိတ်ဖက်တွေနဲ့ သြစတြေးလျက ဆက်လက် လုပ်ဆောင်သွားမှာပါ” ဟု Payne က တရားဝင် ကြေညာချက်တွင် ဖော်ပြထားသည်။
အဆိုပါ ဒေသအတွင်း အိုင်အက်စ် စစ်သွေးကြွများ၏ လတ်တလော တိုက်ခိုက်မှုများကို ကာကွယ်ရေး ဝန်ကြီးက ရှုတ်ချကြောင်း၊ AP-3C Orion ဂျက်လေယာဉ်များအား မလေးရှားနိုင်ငံ မြောက်ပိုင်းရှိ တော်ဝင်လေတပ် Butterworth အခြေစိုက်စခန်းမှ ပျံသန်းကာ ကူညီထောက်လှမ်းပေးမည်ဟု မျှော်လင့်ရကြောင်း ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။
ယခုလို ကူညီမှုသည် သြစတြေးလျနှင့် ဖိလစ်ပိုင်အကြား ကာကွယ်ရေး ပူးပေါင်းဆောင်ရွက်မှု အစီအစဉ် “Extensive” ၏ အစိတ်အပိုင်း အဖြစ် ထောက်ပံ့ပေးခြင်း ဖြစ်ကြောင်း ဝန်ကြီးက အတည်ပြု ပြောကြားခဲ့သည်။ (Xinhua)