Connect with us

Europe

အီတလီ ငလျင် ကြောင့် သေဆုံးသူ ၂၄၇ ဦးရှိ၊ အသက်ရှင်သူများအား ဆက်လက် ရှာဖွေဆဲ

ငလျင်ကြောင့် ပြိုကျနေသည့် အဆောက်အဦများအကြား ကယ်ဆယ်ရေး လုပ်ငန်းများ လုပ်ဆောင်နေစဉ် (ဆင်ဟွာ)

အမတ်ထရစ္စ၊ သြဂုတ် ၂၅ ရက် (ဆင်ဟွာ)

အီတလီနိုင်ငံ အလယ်ပိုင်းတွင် လှုပ်ခတ်ခဲ့သည့် အင်အားပြင်း ငလျင်ကြောင့် သေဆုံးသူ အရေအတွက်မှာ ၂၄၇ ဦးအထိ ရှိလာကြောင်းနှင့် ကယ်ဆယ်ရေးသမားများလည်း ရှာဖွေရေး လုပ်ငန်းများ လုပ်ဆောင်နေဆဲ ဖြစ်ကြောင်း သိရသည်။

ဒဏ်ရာရရှိသူ အနည်းဆုံး ၃၆၈ ဦးရှိကြောင်း အီတလီနိုင်ငံ မြို့ပြ ကာကွယ်ရေး ဋ္ဌာနက ပြောကြားထားပြီး လူ အချို့အား ရှာဖွေနေဆဲ ဖြစ်သောကြောင့် သေဆုံး၊ ဒဏ်ရာရသူ အရေအတွက် မြင့်တက်နိုင်သေးကြောင်း သတိ ပေးထားသည်။
Rieti ပြည်နယ်တွင် သြဂုတ်လ ၂၄ ရက် နံနက် ၃း၃၆ နာရီက Rieti မြို့အနီး၌ အနက် ၄.၂ ကီလိုမီတာတွင် ဗဟိုပြုကာ ပြင်းအား ၆.၂ အင်အားရှိ ငလျင် လှုပ်ခတ်ခဲ့ကြောင်း၊ ယင်း ငလျင်ကြောင့် Rieti ပြည်နယ်၏ မြို့ငယ် နှစ်မြို့ဖြစ်သည့် Amatrice နှင့် Accumuli မြို့များက အဆိုးဝါး ဆုံး ထိခိုက်ခဲ့ကြောင်း သိရသည်။
ကနဦး ငလျင် လှုပ်ခတ်ပြီး နောက် ၁၂ နာရီအတွင်း နောက်ဆက်တွဲ ငလျင်ပေါင်း ၁၅၀ ခန့် လှုပ်ခတ်ခဲ့ကြောင်း INGV က ဖော်ပြထားသည်။
ငလျင်ဒဏ် ထိခိုက်ခံရသည့် အမတ်ထရစ္စ (Amatrice) မြို့ရှိ နာမည်ကျော် Roma ဟိုတယ်အတွင်း သေဆုံးသူ ငါးဦး၏ ရုပ်အလောင်းမျာအား ဆွဲထုတ်ခဲ့ရပြီး ဧည့်သည် ၁၀ ဦးခန့်သည် ပျောက်ဆုံးနေဆဲ ဖြစ်ကြောင်း ကယ်ဆယ်ရေးသမားများက ပြောသည်။
ဒေသခံ တာဝန်ရှိသူများအဆိုအရ ငလျင် လှုပ်ခတ်ချိန်၌ အဆိုပါ ဟိုတယ်တွင် တည်းခိုနေသူ ၃၀ ဦးခန့်ရှိ ကြောင်း သိရသည်။
ကယ်ဆယ်ရေးသမားများသည် အပျက်အစီးများအကြား ပိတ်မိနေသူများ၏ အသံကြားရာအတိုင်း လက်ဗလာ များဖြင့် အုတ်အကျိုးအပဲ့များအား ဖယ်ရှားကာ အသက်ရှင် ကျန်ရစ်သူများထံ ရောက်အောင်သွားခဲ့ကြောင်း သိရသည်။
အမတ်ထရစ္စမြို့သည် ဒေသခံများနှင့် နွေရာသီ အားလပ်ရက် အပန်းဖြေလာသူများကြောင့် လူဦးရေများပြား နေလေ့ရှိပြီး သေဆုံးသူ အရေအတွက်မှာလည်း ဆက်လက် မြင့်တက်နိုင်ခြေရှိကြောင်း သိရသည်။
ငလျင်ကြောင့် ဒေသဆိုင်ရာ ဆေးရုံလည်း ပျက်စီးကာ ပြောင်းရွှေ့ခဲ့ရကြောင်း ဒဏ်ရာရရှိခဲ့ခြင်း မရှိကြောင်း ဆေးဘက်ဆိုင်ရာ ဝန်ထမ်းက ဆင်ဟွာသို့ ပြောသည်။
Pescara del Tronto မြို့တွင်လည်း အသက် ၁၀ နှစ်အရွယ် မိန်းကလေး တစ်ဦးအား ငလျင်လှုပ်ခတ်ပြီး ၁၇ နာရီကြာမှ အပျက်အစီးများအကြားထဲမှ ကယ်တင်နိုင်ခဲ့သည်။
အီတလီနိုင်ငံ ဝန်ကြီးချုပ် Matteo Renzi သည် သြဂုတ်လ ၂၄ ရက် အစောပိုင်းတွင် ငလျင်ဇုန်သို့ သွားရောက် ခဲ့ပြီး ငလျင်ဒဏ်သင့်မှုများအား ကူညီခြင်းနှင့် ပြန်လည် တည်ဆောက်ရေး လုပ်ငန်းများ ကူညီဆောင်ရွက်ပေး မည် ဖြစ်ကြောင်း ကတိပြုခဲ့သည်။ ငလျင် ဒဏ်သင့်ဒေသများအား ကူညီ ထောက်ပံ့မှု ပေးနိုင်ရန်အတွက် အီတလီ အစိုးရအဖွဲ့က ယနေ့တွင် တွေ့ဆုံ ဆွေးနွေးမည် ဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.