Connect with us

Europe

Christchurch အကြမ်းဖက်သမားအတွက် ထောင်ဒဏ် တစ်သက်တစ်ကျွန်း ချမှတ်ခြင်းက တရားမျှတကြောင်း ဩစတြေးလျနိုင်ငံ ဝန်ကြီးချုပ်ပြော

နယူးဇီလန်နိုင်ငံ Christchurch မြို့တွင် ၂၀၁၉ ခုနှစ် အကြမ်းဖက်တိုက်ခိုက်မှုအတွင်း သေဆုံးသူများ၏ မိသားစုဝင်များနှင့် အသက်ရှင် ကျန်ရစ်သူများအား ထောက်ခံအားပေးရန် တရားရုံးချုပ်အပြင်ဘက်တွင် လူအများစုဝေးနေသည်ကို တွေ့ရစဉ် (ဆင်ဟွာ)

ကန်ဘာရာ၊ ဩဂုတ် ၂၈ ရက် (ဆင်ဟွာ)

နယူးဇီလန်နိုင်ငံ Christchurch မြို့ အကြမ်းဖက်သမား Brenton Harrison Tarrant အား ထောင်ဒဏ် တစ်သက်တစ်ကျွန်း ပြစ်ဒဏ်ချမှတ်ခြင်းကို ကြိုဆိုကြောင်း ဩစတြေးလျနိုင်ငံ ဝန်ကြီးချုပ် Scott Morrison က ပြောကြားခဲ့သည်။

ဩစတြေးလျနိုင်ငံသားတစ်ဦးဖြစ်သူ Tarrant ကို ဩဂုတ် ၂၇ ရက်က လွတ်ငြိမ်းချမ်းသာခွင့်မရှိဘဲ ထောင်ဒဏ် တစ်သက်တစ်ကျွန်း  ပြစ်ဒဏ်ချမှတ်ခဲ့သည်။ 

အသက် ၂၉ နှစ်အရွယ် သေနတ်သမား Tarrant သည် ၂၀၁၉ ခုနှစ် မတ် ၁၅ ရက်က လူ ၅၁ ဦးကို သေစေခဲ့ပြီး အခြားသူ ၄၀ ကို ဒဏ်ရာရရှိစေခဲ့သည်။ ၎င်းသည် လူသတ်မှု စွဲချက် ၅၁ ခု၊ လူသတ်ရန်ကြိုးပမ်းမှု စွဲချက် ၄၀ နှင့် အကြမ်းဖက်မှုစွဲချက် တစ်ခုတို့ဖြင့် စီရင်ချက်ချခြင်းခံထားရသည်။ 

Tarrant ၏ “စက်ဆုပ်ရွံရှာဖွယ်ကောင်းသော အကြမ်းဖက်အပြုအမူ” ကြောင့် ဩစတြေးလျနိုင်ငံသားများအားလုံး “ကြောက်ရွံ့၍ ယူကျုံးမရဖြစ်ရကြောင်း” Morrison က ဩဂုတ် ၂၇ ရက်တွင် ပြောကြားခဲ့သည်။

“Christchurch ဗလီကို တိုက်ခိုက်မှုနဲ့ သတ္တိကြောင်ပြီး ကြောက်မက်ဖွယ် ပြစ်မှုတွေ လုပ်ခဲ့တဲ့ အကြမ်းဖက်သမားနဲ့ လူသတ်သမားကို ဒီကနေ့ နယူးဇီလန်က တရားမျှတမှုပေးခဲ့ပါတယ်။  ကမ္ဘာကြီးအနေနဲ့ သူ့ကို ဘယ်တော့မှ မြင်ရ ကြားရတော့မှာမဟုတ်ပါဘူး” ဟု Morrison က ထုတ်ပြန်ချက်၌ ပြောကြားထားသည်။ 

“အင်မတန် ခက်ခဲတဲ့ကာလတွေမှာ တစ်ဦးနဲ့တစ်ဦး ထောက်ခံအားပေးခဲ့ကြတဲ့ နယူးဇီလန်နဲ့ ဩစတြေးလျမှာရှိတဲ့ မွတ်ဆလင်အသိုင်းအဝိုင်းကို ကျွန်တော် ချီးကျူးပါတယ်” ဟု ၎င်းက ဆိုသည်။ 

နယူးဇီလန်နိုင်ငံ ဒုတိယဝန်ကြီးချုပ် Winston Peters က နယူးဇီလန်နိုင်ငံသား အခွန်ထမ်းများက Tarrant ၏ ထောင်ဒဏ်ကျခံမှု ကုန်ကျစရိတ်ကို တာဝန်ယူလိုခြင်းမရှိတာကြောင့် Tarrant အား ၎င်း၏ပြစ်ဒဏ်ကို ဩစတြေးလျနိုင်ငံ၌ ကျခံရန် ပြောကြားခဲ့ကြောင်း The Australian သတင်းစာဖော်ပြချက်အရ သိရသည်။ 

Morrison က၎င်းအနေဖြင့် “ပွင့်လင်းစွာ” ဆွေးနွေးသွားမည် ဖြစ်သော်လည်း တရားဝင် တောင်းဆိုမှု မပြုလုပ်ရသေးကြောင်း ပြောခဲ့သည်။

“သူ့အနေနဲ့ ထောင်ဒဏ်ကို ဩစတြေးလျမှာ ကျခံသည်ဖြစ်စေ၊ နယူးဇီလန်မှာကျခံသည်ဖြစ်စေ ကျွန်တော်တို့ ပွင့်ပွင့်လင်းလင်းဆွေးနွေးသွားမှာပါ” ဟု Seven network ရုပ်မြင်သံကြားသို့ Morrison က ပြောခဲ့သည်။  (Xinhua) 

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.