Europe
ရော်နယ်ဒို နှင့် မက်ဆီ FIFA အကောင်းဆုံးအမျိုးသားဘောလုံးသမားဆုဆန်ကာတင်စာရင်းတွင်ပါဝင်

ပါရီ၊ သြဂုတ် ၁ ရက်(ဆင်ဟွာ)
ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်(FIFA)က ဇူလိုင် ၃၁ ရက်တွင် ထုတ်ပြန်ခဲ့သည့် FIFA အကောင်းဆုံးအမျိုးသားဘောလုံးသမားဆု ဆန်ကာတင်စာရင်း ၁ဝ ဦးတွင် ခရစ်စတီယာနိုရော်နယ်ဒို နှင့် မက်ဆီ တို့ပါဝင်လာကြောင်း သိရသည်။
ပြီးခဲ့သောနှစ်က UEFA ချန်ပီယံလိဂ်တွင် ဗိုလ်စွဲခဲ့သည့် အင်္ဂလန်ပရီးမီးယားလိဂ် လီဗာပူးအသင်းမှ ကစားသမားများဖြစ်ကြသော ဆာဒီယိုမိန်း(Sadio Mane) ၊ မိုဟာမက်ဆာလတ် (Mohamed Salah) နှင့် ဗီဂျီဗန်ဒီဂျေ(Virgil van Dijk) တို့သည် ဆန်ကာတင်စာရင်း၌ ပါဝင်လာခဲ့သည်။
နောက်ထပ်ဆန်ကာတင်စာရင်းတွင် ပါဝင်လာကြသူများမှာ ဖရန်ကီဒီဂျုန်း ၊ မတ်တစ် ၊ ဟာဆက် ၊ ဟယ်ရီကိန်း နှင့် အမ်ဘတ်ပီ တို့ဖြစ်သည်။
လီဗာပူးအသင်းနည်းပြ ဂျာဂန်ကလော့(Jurgen Klopp) ကလည်း အကောင်းဆုံးအမျိုးသားအသင်းနည်းပြ ဆန်ကာတင်စာရင်းတွင်ပါဝင်လာပြီး နောက်ထပ် ပရီးမီးလိဂ်ပြိုင်ပွဲဝင် မန်ချက်စတာစီးတီးအသင်းနည်းပြ ဂွာဒီယိုလာ နှင့် တော့တင်ဟမ်ဟော့စပါးစ်အသင်းနည်းပြ ပိုချီတီနိုတို့လည်း ၎င်းစာရင်းတွင် ပါဝင်လာခဲ့သည်။
မကြာသေးမီကကျင်းပခဲ့သည့် ကိုပါအမေရိကားဖလားပြိုင်ပွဲတွင် ဘရာဇီးအသင်းအား ဗိုလ်စွဲအောင် စွမ်းဆောင်ပေးခဲ့သည့် နည်းပြ Tite နှင့် အာဖရိကဖလားပြိုင်ပွဲတွင် အယ်လ်ဂျီးရီးယားအသင်းအား ဗိုလ်စွဲအောင် စွမ်းဆောင်ပေးခဲ့သည့် နည်းပြ Djamel Belmadi တို့သည်လည်း အကောင်းဆုံးအမျိုးသားအသင်းနည်းပြစာရင်းတွင် အသီးသီးပါဝင်နေသည်။
နိုင်ငံ့လက်ရွေးစင်အသင်းခေါင်းဆောင်များ ၊ နိုင်ငံ့လက်ရွေးစင်အသင်းနည်းပြများ နှင့် မီဒီယာများ ၊ FIFA ဝက်ဆိုက်တွင် ဝင်ရောက်မဲပေးကြသော ပရိသတ်များ၏ မဲရလဒ် ၂၅ ရာခိုင်နှုန်းစီဖြင့် အကောင်းဆုံးဆု အတွက် နောက်ဆုံးစာရင်းကို အတည်ပြုဆုံးဖြတ်ခြင်းဖြစ်သည်။
ဖီဖာ(FIFA) အကောင်းဆုံးဆုပေးပွဲအခမ်းအနားကို လာမည့် စက်တင်ဘာလတွင် အီတလီနိုင်ငံ မီလန်မြို့၌ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။(Xinhua)