Connect with us

International Organizations

အမေရိကန်နိုင်ငံ ၏ လူ့အခွင့်အရေးအခြေအနေ ကုလသမဂ္ဂတွင် ကျယ်ပြန့်စွာ ဝေဖန်ခံရ

၂၀၁၈ ခုနှစ်က ကုလသမဂ္ဂ၌ အမျိုးသားလူ့အခွင့်အရေး ပြန်လည်သုံးသပ်ရေး လုပ်ငန်းအဖွဲ့ အစည်းအဝေး ကျင်းပပြုလုပ်နေစဉ်(ဆင်ဟွာ)

ဂျီနီဗာ ၊ နိုဝင်ဘာ ၁၀ ရက် (ဆင်ဟွာ) ရေးသားသူ/စိုးမိုး

ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီ အမျိုးသားလူ့အခွင့်အရေးပြန်လည်သုံးသပ်ရေးလုပ်ငန်းအဖွဲ့ ၏ ၃၆ ကြိမ်မြောက် အစည်းအဝေး ကို နိုဝင်ဘာ ၉ ရက် တွင် ဂျီနီဗာ ၌ ကျင်းပပြုလုပ်ခဲ့ပြီး အစည်းအဝေးတွင် အမေရိကန်နိုင်ငံ ၏ လူ့အခွင့်အရေး အခြေအနေ နှင့်ပတ်သက်၍ သုံးသပ်မှုပြုလုပ်ခဲ့ကြောင်း ၊ အစည်းအဝေးတွင် နိုင်ငံပေါင်း ၁၁၀ ကျော် မှ ကိုယ်စားလှယ်တို့က မိန့်ခွန်းပြောကြားခဲ့ပြီး အမေရိကန်နိုင်ငံ ၏ လူအခွင့်အရေး အခြေအနေ နှင့်ပတ်သက်၍ ဝေဖန်သုံးသပ်မှု နှင့် ပြုပြင်ရန်အကြံပြုချက်များကို ပြောကြားခဲ့ကြောင်း သိရှိရသည်။

အစည်းအဝေးတက်ရောက်ခဲ့ကြသည့် နိုင်ငံများက အမေရိကန်နိုင်ငံ အနေဖြင့် လူမျိုး ၊ ဘာသာ နှင့် လိင်ပိုင်းဆိုင်ရာ ခွဲခြားဆက်ဆံမှုများကို ပပျောက်အောင်ဆောင်ရွက်ရမည်ဖြစ်ပြီး အမုန်းပွားစေသည့် ပြောဆိုမှုများ နှင့် ဘာသာရေးဆိုင်ရာ လက်မခံသည့် ဆောင်ရွက်မှုများ ပြုလုပ်ခြင်း အပေါ် တိုက်ဖျက်ရမည်ဖြစ်ကြောင်း ၊ တရားရေးဆိုင်ရာပြုပြင်ပြောင်းလဲမှုများဆောင်ရွက်ရမည် ဖြစ်ပြီး ရဲတပ်ဖွဲ့ဝင်များ အကြမ်းဖက်ခြင်းကို ပပျောက်အောင်ဆောင်ရွက်ရမည်ဖြစ်ကြောင်း ၊ နိုင်ငံကူးပြောင်းလာသည့် ကလေးငယ်များ နှင့် မိဘ တို့အား ခွဲခြားချုပ်နှောင်သည့် မူဝါဒ ကို ပြောင်းလဲရမည်ဖြစ်ပြီး နိုင်ငံကူးပြောင်းလာသူတို့၏ အခွင့်အရေးကို အာမခံချက်ပေးရမည်ဖြစ်ကြောင်း ၊ လူကုန်ကူးမှုကို တိုက်ဖျက်သွားပြီး ကပ်ရောဂါဖြစ်ပွားစဉ် ပြည်သူလူထု တို့၏ ကျန်းမာရေး အာမခံချက်ရှိအောင်ဆောင်ရွက်ပေးရမည်ဖြစ်ကြောင်း ၊ နိုင်ငံတကာ လူ့အခွင့်အရေးဆိုင်ရာ ကွန်ဗင်းရှင်းများကို အမြန်ဆုံးခွင့်ပြုပေးပြီး ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ပဲရစ်သဘောတူညီချက် သို့ ပြန်လည်ဝင်ရောက်ရန် ပြောကြားခဲ့ကြသည်။

တရုတ် ၊ ရုရှား ၊ ကျူးဘား ၊ အီရန် ၊ ဗင်နီဇွဲလား နှင့် ဆီးရီးယား စသည့် နိုင်ငံများက အမေရိကန်နိုင်ငံ အနေဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံအပေါ် ဆောင်ရွက်သည့် တစ်ဖက်သတ်အရေးယူပိတ်ဆို့မှုများကို ချက်ချင်းရပ်တန့်ပြီး အကြမ်းဖတ်တိုက်ဖျက်ရေးလှုပ်ရှားမှုတွင် ရက်စက်သောစစ်ဆေးမေးမြန်းမှုများ ကို ရပ်တန့်ကာ လူအခွင့်အရေးကို အကြောင်းပြု၍ အခြားနိုင်ငံပြည်တွင်းရေးအား ဝင်ရောက်စွက်ဖက်ခြင်းကို ရပ်တန့်ရမည်ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

အမျိုးသားလူ့အခွင့်အရေးပြန်လည်သုံးသပ်ရေးလုပ်ငန်းအဖွဲ့ သည် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ လက်အောက်ရှိ အရေးပါသည့် အဖွဲ့အစည်းတစ်ခုဖြစ်ပြီး သတ်မှတ်ချိန်များတွင် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံများ ၏ လူ့အခွင့်အရေးအခြေအနေနှင့် ပတ်သက်၍ စစ်ဆေးသုံးသပ်မှုပြုလုပ်လေ့ရှိကာ လက်ရှိချိန်တွင် တတိယ အသုတ် အမျိုးသားလူ့အခွင့်အရေး ပြန်လည်သုံးသပ်မှု ပြုလုပ်နေကြောင်း ၊ လုပ်ငန်းအဖွဲ့အနေဖြင့် ယခုအကြိမ်အစည်းအဝေး အား အချိန် ၂ ပတ်ကြာကျင်းပပြုလုပ်မည်ဖြစ်ပြီး အမေရိကန်နိုင်ငံအပါအဝင် နိုင်ငံပေါင်း ၁၄ နိုင်ငံ ၏ လူအခွင့်အရေးအခြေအနေ နှင့် ပတ်သက်၍ သုံးသပ်စစ်ဆေးမှုပြုလုပ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။ (Xinhua)