Connect with us

International Organizations

APEC စီးပွားရေးခေါင်းဆောင်များ တရုတ်ဖိုရမ်တွင် ဒီဂျစ်တယ်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုအပေါ် အာရုံစူးစိုက်

မလေးရှား နိုင်ငံ ကွာလာလမ်ပူ ကွန်ဗင်းရှင်းစင်တာ တွင် APEC စီးပွားရေးခေါင်းဆောင်များ ဆွေးနွေးပွဲ ညွှန်ကြားမှုစင်တာ အား နိုဝင်ဘာ ၁၈ ရက်၌ မြင်တွေ့ရစဉ်(ဆင်ဟွာ)

ပေကျင်း ၊ နိုဝင်ဘာ ၂၀ ရက် (ဆင်ဟွာ) ရေးသားသူ/စိုးမိုး

၂၀၂၀ ပြည့်နှစ် APEC စီးပွားရေးခေါင်းဆောင်များ တရုတ်ဖိုရမ် အား နိုဝင်ဘာ ၁၉ ရက်တွင် ပေကျင်းမြို့ ၌ ကျင်းပပြုလုပ်ခဲ့ပြီး ဖိုရမ်တွင် ဒီဂျစ်တယ် ကုန်ထုတ်လုပ်မှုစွမ်းရည်ကို ခေါင်းစဉ်အဖြစ် ထားရှိကာ ဒီဂျစ်တယ်နည်းပညာ၏ ခေတ်သစ် ကုန်ထုတ်လုပ်မှုစွမ်းရည် အပေါ် အရှိန်မြှင့်တင်ပေးနိုင်မှု နှင့် တွန်းအားပေးသက်ရောက်မှုတို့အပေါ် နက်ရှိုင်းစွာဆွေးနွေးခဲ့ကြသည်။

ဖိုရမ်တက်ရောက်ခဲ့သည့် ဧည့်သည်တော်များ က လက်ရှိကမ္ဘာ့စီးပွားရေး က ဒီဂျစ်တယ်ပုံစံ အဖြစ်သို့ပြောင်းလဲမည့် လမ်းအဝ တွင်ရောက်ရှိနေပြီး အာရှ-ပစိဖိတ်ဒေသ အနေဖြင့် ဒီဂျစ်တယ်စီးပွားရေး ကဏ္ဍပူးပေါင်းဆောင်ရွက်မှု ၏ အားသာချက်ကိုအသုံးချကာ ကုန်ထုတ်လုပ်မှုအခင်းအကျင်းသစ်များကို ပိုမိုမြန်ဆန်စွာ ဆောင်ရွက်ရမည်ဖြစ်ကြောင်း ၊ တီထွင်ဆန်းသစ်မှုဖြင့် ပူးပေါင်းဆောင်ရွက်မှုကို အထောက်အကူဖြစ်စေပြီး ဒီဂျစ်တယ်စီးပွားရေးဖြင့် အာရှ-ပစိဖိတ် အတူတကွ ဒီဂျစ်တယ်ပိုးလမ်းမ တည်ဆောက်ရေးကို တွန်းအားပေးဆောင်ရွက်ရမည်ဖြစ်ကြောင်း ပြောကြားခဲ့ကြသည်။

တရုတ်နိုင်ငံအပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုမြှင့်တင်ရေး ကော်မတီ ၊ တရုတ်နိုင်ငံ အပြည်ပြည်ဆိုင်ရာ ကုန်သည်လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ကောင်းရန့် က ဖိုရမ် တွင် ၂၀၁၉ ခုနှစ်၌ တရုတ်နိုင်ငံ ၏ ဒီဂျစ်တယ်စီးပွားရေး ပမာဏ မှာ ယွမ်ငွေ ၃.၅၈ ထရီလီယံ အထိ ရောက်ရှိလာခဲ့ပြီး တရုတ်နိုင်ငံ GDP တိုးတက်မှုအတွက် ၆၇.၇ ရာခိုင်နှုန်း ထောက်ပံ့ပေးနိုင်ခဲ့ကြောင်း ၊ ကပ်ရောဂါဖြစ်ပွားချိန်တွင် လူများ အပြင်သို့သွားလာမှု နည်းပါးသွားသောကြောင့် ဒီဂျစ်တယ်စီးပွားရေး လူနေမှုပုံစံ က တရုတ်နိုင်ငံ တွင် ပိုမိုတွင်ကျယ်စွာ ဆောင်ရွက်နိုင်ခဲ့ကာ ဒီဂျစ်တယ်စီးပွားရေး လိုအပ်မှုသည်လည်း အဆပေါင်းများစွာ တိုးပွားလာခဲ့ကြောင်း ၊ သက်ဆိုင်ရာစာရင်းပြုစုချက်များအရ ၂၀၂၀ ပြည့်နှစ် ၏ ပထမ သုံးရာသီတွင် တရုတ်နိုင်ငံ သတင်းအချက်အလက်နည်းပညာ ဝန်ဆောင်မှု က ဝင်ငွေ ယွမ်ငွေ ၃.၅၁၆၂ ထရီလီယံ ရရှိခဲ့ပြီး Big data ဝန်ဆောင်မှု က ဝင်ငွေ ယွမ်ငွေ ၁၅၃ ဘီလီယံ ရှိခဲ့ကာ ယခင်နှစ်နှင့်နှိုင်းယှဉ်လျှင် ၁၂.၅ ရာခိုင်နှုန်းတိုးမြင့်ခဲ့ကြောင်း ၊ ကုန်ပစ္စည်းများ အွန်လိုင်းမှတစ်ဆင့် လက်လီရောင်းချမှု က ၁၅.၃ ရာခှိုင်နှုန်းတိုးမြင့်ခဲ့ပြီး လူမှုအသိုင်းအဝိုင်း လူသုံးကုန်ပစ္စည်းများ လက်လီရောင်းချမှု ၏ ၂၄.၃ ရာခိုင်နှုန်းရှိကြောင်း သိရှိရသည်။

ထို့ပြင် ကောင်းရန့် က စီးပွားရေးနယ်ပယ် အနေဖြင့် ကမ္ဘာ့စီးပွားရေး ဒီဂျစ်တယ်ပုံစံ ပြောင်းလဲမှု မှ ရရှိလာမည့် အခွင့်အလမ်းကို ဆုပ်ကိုင်သွားစေလိုကြောင်း ၊ တီထွင်ဆန်းသစ်မှု ဖြင့် ဖွံ့ဖြိုးတိုးတက်ရေးကို တွန်းအားပေးဆောင်ရွက်သွားစေလိုကြောင်း ၊ အဓိကကျသော နည်းပညာ အခက်အခဲများကို ဖြေရှင်းသွားပြီး 5G ကွန်ယက် ၊ Big data ၊ စမတ်ကုန်ထုတ်လုပ်မှု စသည့် အခင်းအကျင်းသစ်များကို ပိုမိုမြန်ဆန်အောင် ဆောင်ရွက်ကာ ဖွံ့ဖြိုးတိုးတက်မှုအားအင်သစ် နှင့် နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှု ယှဉ်ပြိုင်နိုင်မှုအားသာချက်သစ်များကို မွေးထုတ်သွားရမည်ဖြစ်ကြောင်း ၊ ဒီဂျစ်တယ်စီးပွားရေး ၊ AI ၊ နာနိုနည်းပညာ ၊ ကွမ်တန်ကွန်ပျူတာ စသည့် ကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှုပြုလုပ်သွားပြီး ၂၁ ရာစု ဒီဂျစ်တယ်ပိုးလမ်းမ အဖြစ် ဖော်ဆောင်ကာ ရပ်ဝန်းနှင့်ပိုးလမ်းမ လမ်းကြောင်းတစ်လျှောက် နိုင်ငံများ နှင့် အာရှ-ပစိဖိတ်ဒေသ စီးပွားရေးဆိုင်ရာ အားအင်ကို ထုတ်ဖော်သွားရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

တရုတ်နိုင်ငံ စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ၊ နိုင်ငံတကာ ကုန်သွယ်ရေးညှိနှိုင်းဆောင်ရွက်မှု ဒုတိယ ကိုယ်စားလှယ် ဝမ်ဆုံ့ဝင် က မိန့်ခွန်းပြောကြားရာတွင် ကပ်ရောဂါ အခြေအနေအောက်တွင် ဒီဂျစ်တယ်စီးပွားရေး က လူမှုအသိုင်းအဝိုင်း တည်ငြိမ်အေးချမ်းရေးကို ရရှိရန် တွန်းအားပေးဆောင်ရွက်ပေးနိုင်ခဲ့ပြီး စီးပွားရေး လိုက်လျောညီထွေမှုရှိသည့် အပိုင်းတွင် အားသာချက်ကို ပိုမိုပေါ်လွင်စေခဲ့ကြောင်း ၊ တရုတ်နိုင်ငံ အနေဖြင့် စီးပွားရေး အသိုက်အဝန်းအကြား ဒီဂျစ်တယ်စီးပွားရေးအပိုင်းတွင် ခြားနားမှုကို လျှော့ချပြီး ဒီဂျစ်တယ် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအပေါ် ယုံကြည်မှုကို ပိုမိုခိုင်မြဲကာ အာရှ-ပစိဖိတ် စီးပွားရေး ၏ တိုးတက်မှုအသစ်အဖြစ် ဖော်ဆောင်သွားရမည်ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

ထို့ပြင် ဝမ်ဆုံ့ဝင် က အာရှ-ပစိဖိတ် နိုင်ငံ အသီးသီး အနေဖြင့် ၂၀၂၀ ပြည့်နှစ်နောက်ပိုင်း ပူးပေါင်းဆောင်ရွက်မှု မျှော်မှန်းချက် ကို အတူတကွ ရေးဆွဲခဲ့ကြပြီး ယင်းပူးပေါင်းဆောင်ရွက်မှု ကို အတည်ပြုလိုက်ပါက စီးပွားရေးနယ်ပယ် အတွက် ဖွံ့ဖြိုးတိုးတက်စေမည့် အားသာချက်များစွာ ရရှိစေမည်ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

Sinochem Group ဥက္ကဋ္ဌ နှင့် APEC တရုတ်နိုင်ငံစီးပွားရေးကောင်စီ ဥက္ကဋ္ဌ နင်ကောင်းနင် က အာရှ-ပစိဖိတ်ဒေသ ပူးပေါင်းဆောင်ရွက်မှု၏ အနာဂတ်အလားအလာ လုပ်ငန်းကုမ္ပဏီများ အား တက်ကြွစွာပူးပေါင်းပါဝင်ရန် နှိုးဆော်ပေးခဲ့ကြောင်း ၊ လက်ရှိနိုင်ငံတကာ ပတ်ဝန်းကျင်က ကြီးမားသည့် ပြောင်းလဲမှုဖြစ်ပွားနေပြီး နိုင်ငံအသီးသီးအနေဖြင့် စွန့်စားမှု နှင့် စိန်ခေါ်မှု ကို အတူတကွ ရင်ဆိုင်သွားရမည်ဖြစ်ကြောင်း ၊ အာရှ-ပစိဖိတ်စီးပွားရေး နယ်ပယ်အနေဖြင့် ဆက်လက်၍ နိုင်ငံတကာပုံစံ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု နှင့် ဂလိုဘယ်လိုက်ဇေးရှင်း အတွက် အရေးပါသည့် တွန်းအား အဖြစ်ဆောင်ရွက်သွားပြီး တီထွင်ဆန်းသစ်မှုဖြင့် ဒီဂျစ်တယ်စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် တွန်းအားပေးဆောင်ရွက်ရမည်ဖြစ်ကြောင်း ပြောကြား ခဲ့သည်။ (Xinhua)