International Organizations
ကုလသမဂ္ဂ အကြီးအကဲဟောင်း အသက် ၉၄ နှစ်အရွယ် ဘူထရို့စ် ဘူထရို့စ်-ဂါလီ အီဂျစ်တွင် ကွယ်လွန်

ကိုင်ရို၊ ဖေဖော်ဝါရီ ၁၇ ရက် (ဆင်ဟွာ)
ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်ဟောင်း အီဂျစ်လူမျိုး အသက် ၉၄ နှစ်အရွယ် ဘူထရို့စ် ဘူထရို့စ်-ဂါလီ (Boutros Boutros-Ghali) သည် ဂီဇာရှိ ဆေးရုံ၌ ဖေဖော်ဝါရီလ ၁၆ ရက်က ကွယ်လွန်သွား ခဲ့ကြောင်း MENA သတင်း အေဂျင်စီအရ သိရသည်။
ဘူထရို့စ်-ဂါလီအား အီဂျစ်နိုင်ငံ မြို့တော် ကိုင်ရို၌ ၁၉၂၂ ခုနှစ် နိုဝင်ဘာလ ၁၄ ရက်တွင် မွေးဖွားခဲ့ပြီး ကိုင်ရို တက္ကသိုလ်မှ Faculty of Law ဖြင့် ၁၉၄၆ ခုနှစ်တွင် ဘွဲ့ရရှိခဲ့ပြီး နိုင်ငံတကာ ဥပဒေ ဘာသာရပ်ဖြင့် Ph.D ဘွဲ့အား ၁၉၄၉ ခုနှစ်မှာ ပဲရစ်ရှိ Sorbonne တက္ကသိုလ်မှ ရရှိခဲ့သည်။
အီဂျစ်လူမျိုး နိုင်ငံရေးသမားနှင့် သံတမန် တစ်ဦးလည်း ဖြစ်သူ ဘူထရို့စ်-ဂါလီသည် ကုလသမဂ္ဂတွင် ခြောက် ဦးမြောက် အထွေထွေအတွင်းရေးမှူးချုပ် အဖြစ် ၁၉၉၂ ခုနှစ်မှ ၁၉၉၆ ခုနှစ်အထိ တာဝန်ထမ်းဆောင်ခဲ့သလို ယင်းရာထူးအတွက် အာရပ်နိုင်ငံများမှ ပထမဦးဆုံးသော ပုဂ္ဂိုလ်လည်း ဖြစ်သည်။
ထို့နောက် အီဂျစ်သို့ ပြန်လည် ရောက်ရှိလာခဲ့ပြီး သမ္မတဟောင်း ဟို့စ်နီ မူဘာရက် သက်တမ်း၌ အမျိုးသား ကောင်စီတွင် လူ့အခွင့်အရေးဆိုင်ရာတွင် ပါဝင်ဆောင်ရွက်ခဲ့သည်။ သမ္မတ မူဘာရက် ဖြုတ်ချခံရသည့် ၂၀၁၁ ခုနှစ်တွင်ပင် ဘူထရို့စ်-ဂါလီလည်း ထိုရာထူးမှ နုတ်ထွက်ခဲ့သည်။
အာဖရိက၊ အာရှ၊ လက်တင်အမေရိကနှင့် မြောက်အမေရိကရှိ တက္ကသိုလ်များတွင် အပြည်ပြည်ဆိုင်ရာ ဥပဒေ နှင့် နိုင်ငံတကာ ဆက်ဆံရေး ဘာသာရပ်များအား သင်ကြားပို့ချသူ အဖြစ်လည်းကောင်း၊ အစိုးရမဟုတ်သော နိုင်ငံတကာအဖွဲ့အစည်းများတွင် သံတမန် အဖြစ်လည်းကောင်း တာဝန် ထမ်းဆောင်ခဲ့သည်။
ဘူထရို့စ်-ဂါလီအား လေးစားဖွယ် အထင်ကရ နိုင်ငံရေးသမား တစ်ယောက် ဖြစ်ကြောင်း လက်ရှိ ကုလသမဂ္ဂ အထွေထွေအတွင်း ရေးမှူးချုပ် ဘန်ကီမွန်းက မှတ်ချက်ပြုခဲ့သည်။
ဘူထရို့စ်-ဂါလီ ကွယ်လွန်ခြင်းအတွက် ဖေဖော်ဝါရီလ ၁၆ ရက်က နယူးယောက်တွင် ကျင်းပနေသည့် ရီမန် လူသားချင်း စာနာထောက်ထားခြင်း ဆိုင်ရာ ပဋိပက္ခ အစည်းအဝေး၌ တစ်မိနစ်ခန့် အားလုံး ငြိမ်သက်စွာ မတ်တပ်ရပ်လျက် ဝမ်းနည်းကြောင်း ဖော်ပြခဲ့ကြသည်။ (Xinhua)