International Organizations
ငြိမ်းချမ်းရေး၊ လုံခြုံရေးနှင့် ဖွံ့ဖြိုးမှု လုပ်ငန်းများအတွက် ကုလသမဂ္ဂအား တရုတ်က ငွေကြေး ထောက်ပံ့ရန် သဘောတူ လက်မှတ်ရေးထိုး

ကုလသမဂ္ဂ၊ မေ ၇ ရက် (ဆင်ဟွာ)
ငြိမ်းချမ်းရေး၊ လုံခြုံရေးနှင့် ဖွံ့ဖြိုးမှု လုပ်ငန်းများ လုပ်ဆောင်ရန် အမေရိကန် ဒေါ်လာ သန်း ၂၀၀ အား ကုလ သမဂ္ဂထံ တရုတ်နိုင်ငံက ပေးအပ်သည့် သဘောတူစာချုပ်အား မေလ ၆ ရက်က တရုတ်နှင့် ကုလသမဂ္ဂ တို့ လက်မှတ်ရေးထိုးခဲ့ကြသည်။
ကုလသမဂ္ဂဆိုင်ရာ တရုတ်နိုင်ငံ အမြဲတမ်းကိုယ်စားလှယ် လျိုကျဲရိ နှင့် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ရုံး၏ အကြီးအကဲ အက်ဒ်မွန် မူးလတ် (Edmond Mulet) တို့က လက်မှတ်ရေးထိုးခဲ့ကြောင်း သိရသည်။
အဆိုပါ သဘောတူညီမှုအရ ကုလသမဂ္ဂ ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးရေး ပူးပေါင်း ရန်ပုံငွေ (UN Peace and Development Trust Fund) တည်ထောင်ရန် တရုတ်နိုင်ငံက လာမည့် ၁၀ နှစ်တာအတွင်း အမေရိကန် ဒေါ်လာ သန်း ၂၀၀ ပေးလှူသွားမည် ဖြစ်သည်။ ထို ရန်ပုံငွေအား ငြိမ်းချမ်းရေးနှင့် လုံခြုံရေး ကဏ္ဍများနှင့် ရေရှည်တည်တံ့သည့် ဖွံ့ဖြိုးမှုဆိုင်ရာ ၂၀၃၀ လုပ်ငန်း အစီအစဉ်များ အကောင်အထည်ဖော်ရာတွင် သုံးစွဲသွား မည် ဖြစ်ကြောင်း သိရသည်။
လက်တွေ့အားဖြင့် ရန်ပုံငွေအား ကိုင်တွယ်ရန် တရုတ်နှင့် ကုလသမဂ္ဂမှ ဝန်ထမ်းများဖြင့် ကော်မတီ တစ်ရပ် ဖွဲ့စည်းသွားမည် ဖြစ်ကြောင်း အဆိုပါ သဘောတူညီချက်၌ ဖော်ပြထားသည်။
ပြီးခဲ့သည့်နှစ် ကုလသမဂ္ဂ နှစ် ၇၀ ပြည့် နှစ်ပတ်လည် ထိပ်သီးအစည်းအဝေး၌ ကုလသမဂ္ဂ လုပ်ဆောင်မှုများ၊ ကမ္ဘာ့ ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးမှု ဘက်စုံ ပူးပေါင်းဆောင်ရွက်ရာတွင် ထောက်ပံ့ရန် တရုတ်- ကုလသမဂ္ဂ ငြိမ်း ချမ်းရေးနှင့် ဖွံ့ဖြိုးမှု ရန်ပုံငွေ ဒေါ်လာ ၁ ဘီလီယံ ထည့်ဝင်မည်ဟု တရုတ် သမ္မတ ရှီကျင့်ဖိန်က ကြေညာ ခဲ့သည်။ (Xinhua)