International Organizations
ဆီးရီးယားနိုင်ငံ အရှေ့တောင်ပိုင်းရှိ ဒုက္ခသည်စခန်းတွင် ဆီးရီးယားနိုင်ငံသား ၂၅,၀၀၀ ဦး ကြောက်မက်ဖွယ်အခြေအနေများဖြင့် နေထိုင်ရ

ကုလသမဂ္ဂ၊ ဇူလိုင် ၁၁ ရက် (ဆင်ဟွာ)
ဆီးရီးယားနိုင်ငံ အရှေ့တောင်ပိုင်းရှိ ဒုက္ခသည်စခန်းတစ်ခုရှိ နေရပ်စွန့်ခွာထွက်ပြေးသူ ခန့်မှန်းခြေ ၂၅,၀၀၀ ဦးမှာ “ကြောက်မက်ဖွယ် အခြေအနေများ” ဖြင့် နေထိုင်နေရသည့်အတွက် လူသားချင်းစာနာထောက်ထားမှု အလုပ်သမားများက စိုးရိမ်မိကြောင်း ကုလသမဂ္ဂ ပြောရေးဆိုခွင့်ရှိသူက ဇူလိုင်လ ၁၀ ရက်တွင် ပြောကြားလိုက်သည်။
“ကျွန်တော်တို့ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လုပ်ဖော်ကိုင်ဖက်များက ဂျော်ဒန်နိုင်ငံနှင့် ဆီးရီးယားနိုင်ငံ နယ်စပ် ရုခ်ဘန်မှာရှိတဲ့ နေရပ်စွန့်ခွာထွက်ပြေးသူ ခန့်မှန်းခြေ ၂၅,၀၀၀ ဦးအတွက် ကြောက်မက်ဖွယ်အခြေအနေတွေမှာ ဆက်လက်ရှင်သန်ဖို့ စိုးရိမ်မိပါတယ်” ဟု ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ် (Antonio Guterres) ၏ ဒုတိယမြောက် ပြောရေးဆိုခွင့်ရှိသူ ဖာဟန်ဟတ် (Farhan Haq) က ပြောခဲ့သည်။
အဆိုပါ ဒုက္ခသည်များအနေဖြင့် ကျန်းမာရေးစောင့်ရှောက်ခွင့်၊ အခြေခံအစားအစာနှင့် အခြားသော လူသားချင်းစာနာထောက်ထားမှု အကူအညီများအား အကန့်အသတ်ဖြင့်ရရှိခြင်း သို့မဟုတ် လုံးဝမရခြင်းများ ရှိကြောင်း ဟတ်က ပြောခဲ့သည်။
မတ်လကတည်းက လူပေါင်း ၁၆၀၀၀ ဦးကျော်တို့သည် ရုခ်ဘန်နယ်မြေမှ စွန့်ခွာလာခဲ့ကြကြောင်း၊ ယင်းပမာဏသည် စုစုပေါင်း လူဦးရေ ၄၁,၇၀၀ ဦး၏ ၄၀ ရာခိုင်နှုန်းနီးပါးရှိကြောင်း သိရသည်။
ကုလသမဂ္ဂက ရုခ်ဘန်ဒေသတွင် ဘေးကင်းရေး၊ လူသားချင်းစာနာထောက်ထားမှု အခွင့်အလမ်း တည်တံ့ရေးနှင့် မတားဆီးနိုင်ရေးတို့အပြင် ဆီးရီးယားနိုင်ငံတစ်ဝန်း လိုအပ်မှုများအားလုံးအတွက် ဆက်လက်တိုက်တွန်းပြောကြားလိုက်ကြောင်း ဟတ်က ဖြည့်စွက်ပြောကြားခဲ့သည်။ (Xinhua)