Latin America
ကော့စတာရီကာ နှင့် ပနားမား နယ်စပ်တွင် ကျူးဘား ရွှေ့ပြောင်းဒုက္ခသည်များ ဆန္ဒပြ

ဆန်ဂျို့စ်၊ ဧပြီ၁၅ရက် (ဆင်ဟွာ)
ကျူးဘား ရွှေ့ပြောင်းဒုက္ခသည် ၁၀၀ဦးပါဝင်သော ဆန္ဒပြအုပ်စု သည် ပနားမားနိုင်ငံဘက်မှနေ၍ ကော့စတာ ရီကာ နယ်စပ်တွင် ကော့စတာရီကာ နိုင်ငံကိုဖြတ်၍ အမေရိကန်နိုင်ငံသို့ ဆက်လက် ခရီးသွားခွင့်ပေးရန် ဧပြီလ ၁၄ရက်က ဆန္ဒပြ တောင်းဆိုခဲ့ကြကြောင်း သိရသည်။
ပနားမား နေ့စဉ်သတင်းစာ La Nacion ၏ ဖော်ပြချက်အရ ဆန္ဒပြမှုသည် ကော့စတာရီကာ ရဲတပ်ဖွဲ့က နယ်စပ်ဖြတ်ကျော်ရန် ကြိုးစားခဲ့သည့် ရွှေ့ပြောင်းဒုက္ခသည်များအား တားဆီးခဲ့သည့် Paso Canoas နယ်စပ် ခြံစည်းရိုး အပြင်ဘက်တွင် ဖြစ်ပွားခဲ့ကြောင်း သိရသည်။
ကျူးဘား ရွှေ့ပြောင်းဒုက္ခသည်များက ၎င်းတို့သည် အမေရိကတိုက် အလယ်ပိုင်းနှင့် မက္ကဆီကိုနိုင်ငံကို ဖြတ်၍ အမေရိကန်နိုင်ငံသို့ ဝင်ရောက်ခိုလှုံမည့် မြောက်ပိုင်းခရီးစဉ် ဆက်လက်သွားခွင့်မရဘဲ ပနားမား နိုင်ငံ တွင် ရပ်တန့်နေရသည့် ရွှေ့ပြောင်းဒုက္ခသည် ၃,၀၀၀အား ကိုယ်စားပြုကြောင်း ပြောကြားခဲ့သည်။
ကော့စတာရီကာနိုင်ငံ လုံခြုံရေးဝန်ကြီး ၏ပြောကြားချက်အရ Paso Canoas နယ်စပ် တွင် အခြေအနေများ ပြန်လည်တည်ငြိမ်လာပြီဖြစ်ကြောင်း သိရသည်။
ကော့စတာရီကာနိုင်ငံ ပိုင်နက်အတွင်းသို့ ကျူးဘား နှင့် အာဖရိက ဒုက္ခသည် ၁၂၀၀ အဓမ္မ ဝင်ရောက်လာပြီး နောက်တစ်နေ့တွင် ဆန္ဒပြမှု ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ကော့စတာရီကာနိုင်ငံအတွင်းသို့ အဓမ္မ ဝင်ရောက် လာသည့် ရွှေ့ပြောင်း ဒုက္ခသည် အများစုသည် ရဲတပ်ဖွဲ့၏ ထိန်းသိမ်းခြင်းခံရပြီး ပနားမားနိုင်ငံ ဘက်သို့ ပြန်လည်ပို့ဆောင်ခြင်းခံရကြောင်း သိရသည်။ (Xinhua)