Latin America
ထောင်အတွင်း အဓိကရုဏ်းများနှင့် အလုပ်ရှုပ်ခဲ့သော ဘရာဇီး ရဲများ
ရီယိုဒီဂျနေးရိုး၊ ဇန်နဝါရီ ၁၈ ရက် (ဆင်ဟွာ)
ရက်သတ္တပတ်အဆုံးက အကျဉ်းသား ၂၆ ဦး သေဆုံးခဲ့ရသည့် ထောင်တွင်း အဓိကရုဏ်း ဖြစ်ပွားခဲ့ပြီး ဘရာဇီး နိုင်ငံ Penitentiary ပြည်နယ်ရှိ Alcazuz အကျဉ်းထောင်တွင် ထောင်ဖောက်မှု နောက်တစ်ကြိမ် ဖြစ်ပွားခဲ့ရာ ရဲတပ်ဖွဲ့ဝင်များက ကြိုတင်ကာကွယ်နိုင်ခဲ့ကြောင်း သိရသည်။
ကျောက်တုံးများနှင့် ဘတ်တံများကို လက်နက်အဖြစ် ကိုင်ဆောင်ထားသည့် အကျဉ်းသားထုကို ဖြိုခွင်းရာတွင် ရဲတပ်ဖွဲ့က မျက်ရည်ယို ဓာတ်ငွေ့နှင့် အသက်အန္တရာယ်ကို မထိခိုက်စေသော လက်နက်များ အသုံးပြုခဲ့သည်။
“အခြေအနေတွေက ကျွန်တော်တို့ကို အကျပ်ရိုက်စေခဲ့တယ်” ဟု အကျဉ်းထောင် ကြီးကြပ်ကွပ်ကဲသူ Wellington Camil က ဒေသခံ မီဒီယာသို့ ပြောကြားခဲ့သည်။
လက်နက်များနှင့် အခြား တားမြစ် ပစ္စည်းများအား ရှာဖွေရန် ဘရာဇီး ဖက်ဒရယ် အစိုးရက တာဝန် လွှဲအပ်ခြင်းခံထားရသော လက်နက်ကိုင် တပ်ဖွဲ့များကို အကျဉ်းထောင်အတွင်း တပ်ဖြန့်ထားသည်ဟု ဆိုသည်။
ထို့ပြင် စစ်သားများနှင့် အကျဉ်းသားများအား ဆက်သွယ်ရန် အစိုးရက ခွင့်မပြုထားကြောင်း၊ ထို့ကြောင့် လက်နက်ကိုင် တပ်ဖွဲ့များက ထောင်အတွင်း ကြီးကြပ်သူအဖြစ် တာဝန်ထမ်းဆောင်ခွင့်ပြုထားမည် မဟုတ်ကြောင်း သိရသည်။
“လက်နက်ကိုင် တပ်ဖွဲ့တွေက အကျဉ်းသားတွေနဲ့ သဘောတူညီချက် ယူထားခြင်း မရှိပါဘူး၊ ဒါက ရဲတပ်ဖွဲ့တွေနဲ့ ထောင် ကြီးကြပ်သူတွေအတွက် အခန်းကဏ္ဍ တစ်ခု ဖြစ်တယ်” ဟု ကာကွယ်ရေး ဝန်ကြီး Raul Jungmann က ပြောသည်။
အဆိုပါ ကြေညာချက်သည် ဘရာဇီးနိုင်ငံ သမ္မတ မစ်ချယ် တီမာနှင့် အစိုးရအဖွဲ့ ကိုယ်စားလှယ်များနှင့် ထောက်လှမ်းရေး အဖွဲ့များအကြား တွေ့ဆုံပြီးနောက် ထွက်ရှိလာခြင်း ဖြစ်သည်။ နိုင်ငံအတွင်း ဖြစ်ပွားနေသည့် အကျဉ်းထောင် ပဋိပက္ခများကို မည်သို့ ကိုင်တွယ်ရမည်ကို သဘောတူညီမှု တစ်ခု ရရှိရန် အစိုးရက ကြိုးပမ်းခဲ့ခြင်း ဖြစ်သည်။
“ပုံစံ ပြောင်းလဲပြီး လုပ်ဆောင်လိုက်တဲ့ ဒီ စီမံကိန်းထဲမှာ လက်နက်ကိုင် တပ်ဖွဲ့တွေကို ထောက်ပံ့ပေးဖို့ ပြည်နယ် အစိုးရတွေကို ညွှန်ကြားထားတယ်” ဟု သမ္မတ ပြောခွင့်ရ ပုဂ္ဂိုလ်က ပြောကြာခဲ့သည်။
ယခုနှစ်စကတည်းက ဘရာဇီးနိုင်ငံ တစ်ဝန်း၌ အကျဉ်းထောင် အဓိကရုဏ်း မြောက်များစွာ ဖြစ်ပွားခဲ့ကြောင်း၊ အဆိုပါ အဓိကရုဏ်းများအကြား သေဆုံးသူ ၁၀၀ ဦးကျော် ရှိခဲ့ကြောင်း၊ ထို့ကြောင့် အကျဉ်းထောင်များအား ပြန်လည် ထိန်းချုပ်နိုင်ရန် အမျိုးသား လုံခြုံရေး တပ်ဖွဲ့က ကူညီပေးရန် ပြည်နယ် အစိုးရများက တောင်းဆိုခဲ့ကြောင်း သိရသည်။ (Xinhua)