Latin America
ကျူးဘားနှင့် အမေရိကန် တိုက်ရိုက် တယ်လီဖုန်းလိုင်း ဆက်သွယ်ရန် သဘောတူ လက်မှတ်ရေးထိုး

ဟာဗားနား၊ မတ် ၁၄ ရက် (ဆင်ဟွာ)
ကျူးဘားနှင့် အမေရိကန် နှစ်နိုင်ငံအကြား အဝင်ခေါ်ဆိုမှုနှင့် အထွက်ခေါ်ဆိုမှုများအတွက် နိုင်ငံတကာ တိုက်ရိုက် တယ်လီဖုန်းလိုင်း တည်ထောင်ရန် သဘောတူညီချက် တစ်ခုအား နှစ်နိုင်ငံ ဆက်သွယ်ရေး လုပ်ငန်းများ က မတ်လ ၁၄ ရက်က လက်မှတ် ရေးထိုးခဲ့သည်။
ကျူးဘားနိုင်ငံပိုင် ဆက်သွယ်ရေး ကုမ္ပဏီ Etecsa နှင့် နယူးယောက် အခြေစိုက် Verizon Partner Solutions ၏ လုပ်ငန်းခွဲ တစ်ခု ဖြစ်သည့် Verizon Communications Inc တို့ အကြား သဘောတူစာချုပ် ချုပ်ဆိုခဲ့ခြင်း ဖြစ်သည်။
ယင်း သဘောတူညီချက် အရ နှစ်နိုင်ငံကြား တိုက်ရိုက် တယ်လီဖုန်းလိုင်း ဆက်သွယ်နိုင်ရန် လမ်းဖွင့်ပေးလိုက်ခြင်း ဖြစ်ပြီး လုပ်ငန်းဆောင်ရွက်မှုများ အကောင်အထည်ဖော်နေစဉ် ကာလနှင့် နည်းပညာပိုင်းဆိုင်ရာ စမ်းသပ်မှုများ လုပ်ကိုင်နေစဉ် အတောအတွင်း ထိုဝန်ဆောင်မှုအား အသုံးပြု၍ မရနိုင်သေးကြောင်း Etecsa ၏ ကြေညာချက်၌ ဖော်ပြထားသည်။
ကျူးဘားနှင့် အမေရိကန် နှစ်နိုင်ငံ သံတမန် ဆက်ဆံရေး ပြန်လည် စတင်ရန် ၂၀၁၄ ခုနှစ် ဒီဇင်ဘာလတွင် ကြေညာခဲ့ပြီး နောက်ပိုင်း အမေရိကန် ဆက်သွယ်ရေး ကုမ္ပဏီကြီးများ ဖြစ်သည့် AT&T, Spirit and T-Mobile, Verizon စသည့် ကုမ္ပဏီများမှာ ၂၀၁၅ ခုနှစ် စက်တင်ဘာလကတည်းက ကျူးဘားနိုင်ငံ၌ ဆက်သွယ်ရေး ဝန်ဆောင်မှု လုပ်ငန်းများ လုပ်ကိုင်နေခဲ့ကြောင်း သိရသည်။
၁၉၂၈ ခုနှစ်နောက်ပိုင်း အမေရိကန်နိုင်ငံ ခေါင်းဆောင်တစ်ဦး အနေဖြင့် ကျူးဘားသို့ မတ်လ ၂၁ ရက်မှ ၂၂ ရက်အထိ သမ္မတ ဘားရတ် အိုဘားမား သွားရောက်ရန်ရှိကြောင်း သိရသည်။ (Xinhua)