Connect with us

Latin America

နယ်စပ်တံတိုင်းပိတ်ခြင်းက မက္ကဆီကိုနိုင်ငံရော အမေရိကန်နိုင်ငံအတွက်ပါ အကျိုးရှိမည်မဟုတ်ကြောင်း မက္ကဆီကို သမ္မတ ပြောကြား

မက္ကဆီကိုနိုင်ငံ သမ္မတ အန်ဒရီးစ် မန်နျူရယ် လိုပတ်ဇ်အား တွေ့ရစဉ် (ဆင်ဟွာ)

မက္ကဆီကိုစီးတီး၊ ဧပြီ ၅ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့် (Donald Trump) အကြံပြုထားသည့်အတိုင်း ရွှေ့ပြောင်းသွားလာမှုများအား တားဆီးရန် မက္ကဆီကို-အမေရိကန် နယ်စပ်အား ပိတ်ပစ်ပါက မက္ကဆီကိုရော အမေရိကန်အတွက်ပါ အကျိုးရှိမည်မဟုတ်ကြောင်း မက္ကဆီကိုနိုင်ငံ သမ္မတ အန်ဒရီးစ် မန်နျူရယ် လိုပတ်ဇ် အိုဘရာဒေါ (Andres Manuel Lopez Obrador) က ဧပြီလ ၃ ရက်က ပြောကြားလိုက်သည်။

“နယ်စပ်ပိတ်တာက ဘယ်သူမှ အကျိုးမရှိပါဘူး။ မထောက်ခံပါဘူး” ဟု နေ့စဉ် သတင်းစာရှင်းလင်းပွဲ၌ လိုပတ်ဇ် အိုဘရာဒေါက ပြောကြားခဲ့သည်။

အမေရိကန်နိုင်ငံနှင့် “ဆက်ဆံရေး အလွန်ကောင်းမွန်ကြောင်း” လိုပတ်ဇ် အိုဘရာဒေါက ဖြည့်စွက်ပြောကြားလိုက်သည်။

အမေရိကန်မှ တာဝန်ရှိသူများကလည်း နယ်စပ်အား ပိတ်ရန်ရည်ရွယ်ချက်မရှိဟု ၎င်းအား ပြောကြားခဲ့ကြောင်း မက္ကဆီကိုနိုင်ငံခြားရေးဝန်ကြီး မာဆယ်လို အီဘရတ် (Marcelo Ebrard) က ဧပြီလ ၂ ရက်တွင် ပြောကြားခဲ့သည်။

ထို့ပြင် သမ္မတ လိုပတ်ဇ် အိုဘရာဒေါကလည်း “အခု ကျွန်တော်ပြောနိုင်တာကတော့ နယ်စပ်ဂိတ်၊ စစ်ဆေးရေးဂိတ်တွေ ဖွင့်ထားတယ်ဆိုတာပါပဲ” ဟု ဆိုသည်။

ဗဟိုအမေရိကမှ မက္ကဆီကိုနိုင်ငံကို ဖြတ်ကျော်ကာ အမေရိကန်နိုင်ငံသို့ ဝင်ရောက်မည့် လမ်းကြောင်းအား တားဆီးရန် မက္ကဆီကို အစိုးရမှ အရေးယူမှုမလုပ်ဆောင်ကြောင်း အမေရိကန် သမ္မတ ထရမ့်က ပြောကြားလိုက်ပြီး နယ်စပ်အား ပိတ်ပစ်ရန် ခြိမ်းခြောက်ခဲ့ခြင်း ဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.