Latin America
ဘရာဇီးတွင် ဆယ်စုနှစ်အတွင်း ကလေးလုပ်သား ၄၃ ရာခိုင်နှုန်း လျှော့ချနိုင်ခဲ့
ရီယို ဒီ ဂျန်နိုင်ရို၊ ဖေဖော်ဝါရီ ၂ ရက် (ဆင်ဟွာ)
ဘရာဇီးနိုင်ငံရှိ ကလေးလုပ်သား ဦးရေသည် ၂၀၀၄ ခုနှစ်တွင် ၅ သန်း ရှိရာမှ ၂၀၁၄ ခုနှစ်တွင် ၂.၈ သန်း အထိ ကျဆင်းလာခဲ့ပြီး ရာခိုင်နှုန်း အားဖြင့် ၄၃ % ကျဆင်း ခဲ့ကြောင်း အစိုးရက ဇန်နဝါရီလ ၂၉ ရက်နေ့တွင် ကြေညာ ခဲ့သည်။
ထို့အတူ လူနေမှု အခြေအနေ များလည်း ပြောင်းလဲ လာခဲ့ပြီး ပညာ သင်ကြားခွင့် မရရှိသည့် ကလေးငယ်များ နှင့် ဝင်ငွေ နည်းပါးသည့် မိသားစုများမှ အသက် ၁၄ နှစ်နှင့် အထက် ဆယ်ကျော်သက်များသည်လည်း ကျောင်းနေခွင့် ရရှိလာပြီး မိသားစု ဝင်ငွေသည် တည်ငြိမ် ကောင်းမွန်လာကြောင်း လူမှု ဖွံ့ဖြိုး တိုးတက်မှု ဝန်ကြီး ထရီဇာ ကန်ပယ်လို၏ ပြောကြားချက် အရ သိရသည်။
ဘရာဇီး၏ ဖွဲ့စည်းပုံ အခြေခံ ဥပဒေသည် အသက် ၁၃ နှစ်အောက် ကလေးငယ်များအား အလုပ် ခိုင်းစေခြင်းမှ တားမြစ်ထားပြီး အထူးသဖြင့် ပုံမှန် မဟုတ်သည့် အိမ်တွင်း အလုပ် ကိစ္စများတွင် ခိုင်းစေခြင်းနှင့် ကလေးငယ် များအား လူမြင်ကွင်းမှ ဖုံးကွယ်ထား၍ ဖော်ထုတ် ပေးနိုင်ရန် ခက်ခဲသောကြောင့် ထုတ်ဖော် ပေးနိုင်မည့် အဖွဲ့အစည်းများ လိုအပ်ကြောင်း ကန်ပယ်လိုက ပြောကြား ခဲ့သည်။
အချို့ဆင်းရဲ နွမ်းပါးသည့် မိသားစု များသည် ၎င်းတို့၏ ကလေးငယ်များအား ဝင်ငွေ ရရှိစေရန် အလုပ်လုပ် စေလိုကြောင်း၊ အသက် ၁၄ နှစ် နှင့် ၁၅ နှစ် အရွယ်များသည် ကျောင်းတက်နေစဉ် အလုပ်သင် ပုံစုံမျိုး အလုပ်လုပ် လာနိုင်ပြီ ဖြစ်ကြောင်းနှင့် အသက် ၁၆ နှစ် အထက် ကလေးငယ်များသည် သန့်ရှင်း လုံခြုံ စိတ်ချ ရသည့် ပတ်ဝန်းကျင်တွင် တရားဝင် အလုပ်လုပ် နိုင်ပြီ ဖြစ်ကြောင်း ကန်ပယ်လိုက ပြောကြားခဲ့သည်။
ယခုအခါတွင် ဘရာဇီး နိုင်ငံသည် ကလေး အလုပ်သမား တိုက်ဖျက်ရေးတွင် ကမ္ဘာ့ စံပြနိုင်ငံ တစ်ခု ဖြစ်လာကြောင်း၊ ထိုသို့ တိုးတက်လာ မှုများသည် ကလေး အလုပ်သမား နည်းပါးလာစေရန် ဆောင်ရွက်မှုများ အား ပြီးပြည့်စုံစေခြင်းကို သက်သေပြ နေသည်ဟု ယုံကြည်ကြောင်း ပြောကြားခဲ့သည်။ (Xinhua)