Latin America
ဘရာဇီးနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုနှုန်း ၅၂ နှစ်အတွင်း အနိမ့်ဆုံးအဆင့်အဖြစ်လျော့ကျ

ရီယိုဒီဂျနေရိုး၊ ဇူလိုင် ၂၀ ရက် (ဆင်ဟွာ)
ဘရာဇီးနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုနှုန်းမှာ ၂၀၁၉ ခုနှစ် ပထမသုံးလပတ်အတွင်း ၁၉၆၇ ခုနှစ်မှစ၍ အနိမ့်ဆုံးအဆင့်သို့ ကျဆင်းသွားခဲ့ကြောင်း ဒေသခံမီဒီယာက ဇူလိုင်လ ၁၉ ရက်တွင် ဖော်ပြခဲ့သည်။
ဇန်နဝါရီလမှ မတ်လအထိ ရင်းနှီးမြှုပ်နှံမှုနှုန်းမှာ ပြည်တွင်းအသားတင်ထုတ်ကုန် (GDP) ၏ ၁၅.၅ ရာခိုင်နှုန်းရှိပြီး ၎င်းမတိုင်မီသုံးလပတ်ကာလတွင်ရှိခဲ့သည့် ၁၅.၈ ရာခိုင်နှုန်းမှ ကျဆင်းလာခဲ့ခြင်းဖြစ်ကြောင်း G1 သတင်းဆိုဒ်မှ ရေးသားသောသတင်းအရ သိရသည်။
ဘရာဇီးနိုင်ငံ စီးပွားရေးဆိုင်ရာအဖွဲ့အစည်း (IBRE) ၏ စာရင်းအင်းများအား ကိုးကားထားသည့် သတင်းအရ ယင်းသို့ ကိန်းဂဏန်းကျဆင်းလာရခြင်းမှာ ပြည်သူ့ငွေစာရင်းများလိုငွေနှင့် စီးပွားရေးလုပ်ဆောင်မှု အားနည်းခြင်းကြောင့် ဖြစ်ကြောင်း သိရသည်။
ထို့ပြင် ဘရာဇီးနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုနှုန်းသည် ၂၀၁၈ ခုနှစ်တွင် နိုင်ငံနှင့် ဒေသပေါင်း ၁၇၂ ခု၏ပျမ်းမျှ ၂၆.၂ ရာခိုင်နှုန်းအောက် ရောက်ရှိနေကြောင်း IBRE အချက်အလက်က ပြသထားသည်။
ဘရာဇီးနိုင်ငံ၏ GDP မှာ ၂၀၁၉ ခုနှစ် ပထမသုံးလပတ်တွင် ဝ.၂ ရာခိုင်နှုန်းလျော့နည်းသွားပြီး ဘရာဇီးငွေ ၁.၇၁၃ ရီရယ် (အမေရိကန်ဒေါ်လာ ၄၃၀.၄ ဘီလီယံ) ပမာဏရှိကြောင်း သိရသည်။ (Xinhua)