Latin America
အမေရိကန်၏ ပိတ်ဆို့အရေးယူမှုများကြောင့် ဗင်နီဇွဲလား ကလေးငယ်များ အန္တရာယ်ဖြင့် ကြုံတွေ့နေရ
ကာရာကာ့စ် ၊ မေ ၁၀ ရက်(ဆင်ဟွာ)
အမေရိကန် အစိုးရ၏ ပိတ်ဆို့အရေးယူများကြောင့် ဗင်နီဇွဲလား နိုင်ငံ၌ ပိုမို များပြားသည့် ကလေးငယ်များမှာ အန္တရာယ်များဖြင့် ကြုံတွေ့နေရကြောင်း ဗင်နီဇွဲလား အမျိုးသား လူ့အခွင့်အရေး ကောင်စီ၏ အမှုဆောင် အတွင်းရေးမှူးက မေ ၉ ရက်တွင် ပြောကြားခဲ့သည်။
ပြည်သူများ အပေါ် ပိတ်ဆို့ထားမှုများ၏ ဆိုးကျိုးများအား ရူတ်ချကြောင်း အမှုဆောင် အတွင်းရေးမှူး Larry Devoe က ၎င်း၏ လူမှုကွန်ရက် တွစ်တာ စာမျက်နှာတွင် ရေးသားခဲ့သည်။
အသက် ၁၈ လ အရွယ် မိန်းကလေးငယ် အစ္စဘယ်လ်သည် အသည်း ပြန်လည် ကောင်းမွန် လာစေရေး အစားထိုး ကုသမှု အတွက် အာဂျင်တီးနား နိုင်ငံသို့ ရောက်ရှိ နေသည့် အကြောင်းကို ရည်ညွှန်း ပြောဆိုကာ အမေရိကန်၏ ပိတ်ဆို့မှု ကြောင့် ထိုမိန်းကလေးမှာ ဆက်လက် ကုသရေး အတွက် အတားအဆီးများ ဖြစ်နေပြီး ကလေးငယ်၏ အသက်မှာ အန္တရာယ်ထဲသို့ ကျရောက်နေကြောင်း Larry Devoe က ပြောကြားခဲ့သည်။
အစ္စဘယ်လ် ကဲ့သို့အခြား ကလေးငယ်များနှင့် အရွယ်ရောက်သူ ငါးဦးသည် အသည်းရောဂါ ခံစားနေရပြီး အမေရိကန် အစိုးရ၏ အရေးယူ ပိတ်ဆို့မှုကြောင့် ယခုအခါ အန္တရာယ်များဖြင့် ကြုံတွေ့နေရကြောင်း ၎င်းက ရေးသား ဖော်ပြခဲ့သည်။
လွန်ခဲ့သော သီတင်းပတ် အတွင်းက ဗင်နီဇွဲလား နိုင်ငံပိုင် ရေနံ ကုမ္ပဏီ PDVSA က ထောက်ပံ့ရန် သဘော တူညီချက် လက်မှတ် ရေးထိုးမှုများ အောက်တွင် ကုသမှု ခံယူနေခဲ့ကြသော အဆိုပါ ဗင်နီဇွဲလား နိုင်ငံသား လူနာများ ထိုကဲ့သို့အန္တရာယ် အခြေအနေများ ကြုံတွေ့နေရခြင်း အတွက် Devoe က အမေရိကန် အစိုးရ၏ ပိတ်ဆို့မှုကို ရူတ်ချ ပြောကြားခဲ့သည်။
အမေရိကန် နိုင်ငံက အစောပိုင်းတွင် ကျူးဘား နို်င်ငံသို့ ရေနံ တင်ပို့မှုများအား ထိခိုက်စေရန် PDVSA ၏ ကုန်တင်သဘောၤ ၃၄ စင်း နှင့် သယ်ယူပို့ဆောင်သည့် ကုမ္ပဏီများအား ပိတ်ဆို့အရေးယူမှုများ ပြုလုပ်မည်ဟု ကြေညာခဲ့ကြောင်း သိရသည်။(Xinhua)