Connect with us

Latin America

အကျဉ်းသား အများဆုံး ပါရာဂွေးထောင် မီးလောင်မှုကြောင့် လူ ၆ ဦး သေဆုံး

တာကမ်ဘူ အကျဉ်းထောင်ရှိ အကျဥ်းသားများအား တွေ့ရစဉ် (ဓာတ်ပုံ- အင်တာနက်)

အဆန်ရှန်း၊ ဇွန် ၁၁ ရက် (ဆင်ဟွာ)

ပါရာဂွေးနိုင်ငံ မြို့တော် အဆန်ရှန်း (Asuncion) ရှိ တာကမ်ဘူ အကျဉ်းထောင်၌ ဇွန်လ ၁၀ ရက်က မီးလောင်မှု ဖြစ်ပွားခဲ့ရာ လုံခြုံရေး တစ်ဦးနှင့် အကျဉ်းသား ၅ ဦး သေဆုံးခဲ့ပြီး အခြား လူ ၁၂ ဦး ဒဏ်ရာများ ရရှိခဲ့ကြောင်း အကျဉ်းထောင် တာဝန်ရှိသူများက ပြောသည်။

“အဘက်ဘက်က စစ်ဆေးမှုတွေ ပြုလုပ်နေပါတယ်” ဟု ပြည်သူ့ အစိုးရရှေ့နေရုံး၏ မှုခင်း ဆေးပညာဆိုင်ရာ စစ်ဆေးသူ ပါဘလို လီမာက ပြောကြားခဲ့သည်။

သေဆုံးသွားသည့် လုံခြုံရေး အစောင့်မှာ ဘလက်စ် ဂေါင်နာ ဟု သိရပြီး အကျဉ်းသားများအား ကယ်တင်ရန် ကြိုးစားစဉ် သေဆုံးခဲ့ခြင်း ဖြစ်ကြောင်း ဒေသဆိုင်ရာ မီဒီယာများက ဖော်ပြထားသည်။

“ဘလက်စ်ရဲ့ ရဲစွမ်း သတ္တိကို ကျွန်တော်တို့ အလေးအနက်ထားပါတယ်၊ သူ့ရဲ့ အသက်ကို တိုင်းပြည်အတွက် စတေးသွားခဲ့ခြင်း ဖြစ်ပါတယ်” ဟု ပြစ်မှု မူဝါဒဆိုင်ရာ ဒုတိယ ဝန်ကြီး ရောလ် ကာဘယ်လီရို ကပြောသည်။
မီးလောင်မှုကြောင့် အကျဉ်းထောင် ခေါင်မိုး ပျက်စီးသွားခဲ့ပြီး မီးလောင်မှုဖြစ်ပွားရခြင်း အကြောင်းရင်းကိုမူ မသိရသေးပေ။

အကျဉ်းသားများ၏ သက်ဆိုင်ရာ မိသားစုဝင်များကလည်း အကျဉ်းထောင် ပြင်ပတွင် စုဝေးရောက်ရှိခဲ့ကြကာ အခြေအနေအား စောင့်ဆိုင်းနေခဲ့ကြကြောင်း သိရသည်။

အကျဉ်းသား ၁,၀၀၀ ဦးသာ ဆံ့သည့် တာကမ်ဘူ အကျဉ်းထောင်တွင် အကျဉ်းသား ဦးရေ ၃,၀၀၀ အား ထိန်းသိမ်းထားသည့် အတွက် ပါရာဂွေးနိုင်ငံတွင် လူဦးရေ အထူထပ်ဆုံး အကျဉ်းထောင်တစ်ခု အဖြစ် သတ်မှတ်ထားခြင်း ခံရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.