Latin America
ဒေါ်နယ်ထရန့်က Air Force One လေယာဉ်သစ်မှာ ဈေးကြီးလွန်း၍ မှာယူမှုအား ပယ်ဖျက်ရန်တိုက်တွန်း

ဝါရှင်တန်၊ ဒီဇင်ဘာ ၇ရက် (ဆင်ဟွာ)
အနာဂတ် အမေရိကန်နိုင်ငံသမ္မတများ စီးနင်းမည့် Air Force One လေယာဉ်သစ် တစ်စီး၏ တန်ဖိုးက အမေရိကန်ဒေါ်လာ ၄ဘီလီယံကျော်တန်ဖိုးရှိကြောင်း အမေရိကန်သမ္မတအဖြစ် ရွေးကောက်ခံထားရသူ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ဒီဇင်ဘာ ၆ရက်တွင် ပြောကြားခဲ့သည်။
ထရန့်က ဘိုးအင်းကုမ္ပဏီသည် အနာဂါတ် အမေရိကန်နိုင်ငံသမ္မတများ စီးနင်းရန်အတွက် 747 Air Force One လေယာဉ်အားတည်ဆောက်နေကြောင်း နှင့် ကုန်ကျစရိတ်မှာ အမေရိကန်ဒေါ်လာ ၄ဘီလီယံကျော်ဖြစ်၍ အလွန်များပြားကြောင်း ၎င်း၏ တွစ်တာ၌ရေးသားခဲ့သည်။
ထို့နောက် ၎င်းက လေယာဉ်မှာယူမှုအား ပယ်ဖျက်ရန် တိုက်တွန်းခဲ့သည်။
သို့သော် ထရန့်ပြောကြားခဲ့သည့် လေယာဉ်တည်ဆောက်မှု ကုန်ကျစရိတ် ၄ဘီလီယံ သည် အတည် မဖြစ်သေးကြောင်း၊ ဘိုးအင်း နှင့် ပင်တဂွန်ဋ္ဌာနချုပ် နှစ်ဖက်လုံးကလည်း တစ်စုံတစ်ရာ မှတ်ချက် ပေးခြင်း မရှိကြောင်း သိရသည်။
အမေရိကန်သမ္မတဟောင်း ရော်နယ်ရေဂင် လက်ထက် ၁၉၈၀ပြည့်လွန်နှစ်များမှ စ၍ 747-200 လေယာဉ်နှစ်စီးအား Air Force One လေယာဉ်များအဖြစ် ယခုလက်ရှိအထိ အသုံးပြုလျက်ရှိကြောင်း၊ အဆိုပါ လေယာဉ်နှစ်စီးအား ပြင်ဆင်မွမ်းမံမှုများ အစွမ်းကုန်ပြုလုပ်ထားသော်လည်း ၎င်းတို့၏ နှစ် ၃၀ သက်တမ်းသည် ၂၀၁၇ခုနှစ် တွင် ကုန်ဆုံးမည်ဖြစ်ကြောင်း သိရသည်။
ဇန်နဝါရီလ တွင် ဘိုးအင်းကုမ္ပဏီ သည် သက်တမ်းကုန်ဆုံးတော့မည့်လေယာဉ်ဟောင်းများနေရာတွင် အစားထိုးရန် 747-8 ဂျက်လေယာဉ်အကြီးစားများ စတင်တည်ဆောက်ရန်အတွက် ပင်တဂွန် နှင့် စာချုပ်ချုပ်ဆိုခဲ့ကြောင်း Wall Street ဂျာနယ်၏ ဖော်ပြချက်အရ သိရသည်။
အဆိုပါ စာချုပ်တွင် လေယာဉ်အား ပြုပြင်မွမ်းမံရန်၊ ခေတ်မီဆန်းပြားသည့် ဆက်သွယ်ရေးကိရိယာများမှ စ၍ အလိုအလျောက်ပစ်ခတ်နိုင်သည့် ဒုံးကျည်စနစ်များ များအထိအဆင့်မြှင့်တင်လုပ်ဆောင်သွားခြင်းတို့ ပါဝင်ကြောင်း ကျွမ်းကျင်သူများကပြောကြားခဲ့သည်။ (Xinhua)