North America
ကနေဒါ ဓားစာခံ တစ်ဦးအား ဖိလစ်ပိုင် အကြမ်းဖက်သမားများက သတ်ဖြတ်လိုက်ခြင်း အပေါ် ကနေဒါ ဝန်ကြီးချုပ် ပြစ်တင် ရှုတ်ချ

အော့တဝါ ၊ ဧပြီ ၂၆ ရက် (ဆင်ဟွာ)
ဓားစာခံ တစ်ဦးအဖြစ် ၆ လကျော် ဖမ်းဆီးခြင်း ခံထားရသော ကနေဒါလူမျိုး John Ridsdel အား ဧပြီလ ၂၅ ရက်တွင် ဖိလစ်ပိုင် အကြမ်းဖက် သမားများက သတ်ဖြတ်လိုက်ခြင်း အပေါ် လူမဆန်သော လုပ်ရပ်အဖြစ် ကနေဒါ ဝန်ကြီးချုပ် Justin Trudeau က ပြစ်တင် ရှုတ်ချလိုက်သည်။
“ ဒါဟာ သွေးအေးအေးနဲ့အသတ် ခံရတာပါ။ ဒီကိစ္စမှာ သူ့ကို ဓားစာခံအဖြစ် ဖမ်းသွားတဲ့ အကြမ်းဖက်အဖွဲ့မှာ တာဝန်ရှိပါတယ်” ဟု Justin Trudeau ၏ ပြောဆိုချက်ကို ကနေဒါ ဝန်ကြီးချုပ်ရုံး က သတင်း ထုတ်ပြန်ခဲ့သည်။ လက်တလောတွင် Trudeau သည် ကနေဒါနိုင်ငံ Alberta ပြည်နယ်သို့အလည်အပတ် ခရီးရောက် ရှိနေသည်။
ပြစ်မှု ကျူးလွန်ထားသည့် တာဝန်ရှိသူများအား တရားဥပဒေ ရှေ့မှောက်သို့ပို့ဆောင်နိုင်ရန် ကနေဒါ အစိုးရသည် ဖိလစ်ပိုင် အစိုးရ နှင့် လက်တွဲပြီး လုပ်ဆောင်သွားမည်ဟု Trudeau ကဆိုသည်။ ထို့ပြင် Ridsdel ၏ မိသားစုဝင်များ နှင့် မိတ်ဆွေ အပေါင်းအသင်းများထံ အလွန်တစ်ရာ ဝမ်းနည်း ကြေကွဲရကြောင်း ဝန်ကြီးချုပ်က သတင်းစကား ပါးခဲ့သည်။
အသက် ၆၈ နှစ်အရွယ်ရှိ Ridsdel သည် ကနေဒါနိုင်ငံ အခြေစိုက် TVI Pacific ကုမ္ပဏီ၏ လက်အောက်ခံ ဖိလစ်ပိုင် သတ္တု ရှာဖွေရေး ကုမ္ပဏီ (TVI) ၏ လုပ်ငန်းခွင် အရာရှိချုပ်ဟောင်း တစ်ဦး ဖြစ်သည်။ ၎င်းသည် ဖိလစ်ပိုင် လူမျိုး အမျိုးသမီးတစ်ဦး အပါအဝင် အခြားလူနှစ်ဦး နှင့်အတူ ၂ဝ၁၅ခ ုနှစ် စက်တင်ဘာလက Samal ကျွန်း တောင်ပိုင်း၌ လက်နက်ကိုင် လူတစ်စု၏ ဖမ်းဆီးခြင်း ခံခဲ့ရသည်။
အဖမ်းခံထားရသော ဓားစာခံ တစ်ဦးချင်း စီအတွက် ပြန်ပေးငွေ ဖိလစ်ပိုင်ပီဆို သန်း ၃ဝဝ ( အမေရိကန် ဒေါ်လာ ၆ သန်း ) ဖြင့် ပြန်ရွေးရန် ဖိလစ်ပိုင် စစ်သွေးကြွများက တောင်းခံခဲ့သည်။ အဆိုပါ ဓားစာခံများအား Sulu ရှိ Jolo ကျွန်းသို့ဖမ်းဆီး ခေါ်ဆောင်သွားသည်ဟု ယုံကြည်ရကြောင်း နှင့် ၎င်းကျွန်းပေါ်တွင် အခြား ဓားစာခံ များစွာလည်း ချုပ်နှောင်ထားဖွယ် ရှိသည်ဟု ယူဆထားကြသည်။
Ridsdel မှလွဲ၍ ကျန်ဓားစာခံ သုံးဦးထဲတွင် ကနေဒါ လူမျိုး Robert Hall အတွက် ပြန်ပေးငွေ နောက်ဆုံးရက်မှာ ဧပြီလ ၂၅ ရက် မနက်ပိုင်း ဖြစ်သည်ဟု အဘူဆေးရဒ် ( Abu Sayyaf ) စစ်သွေးကြွ အဖွဲ့က သတ်မှတ်ထားသည်။ သို့သော် အဆိုပါ ဓားစာခံ သုံးဦးနှင့် ပတ်သက်ပြီး သတင်း တစ်စုံတစ်ရာ ထွက်ပေါ်လာခြင်း မရှိသေးပေ။ (Xinhua)